NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

စစ်ရေးပြအခမ်းအနားမှာ တိုက်ခိုက်ခံရမှု ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဟု အီရန် ပြော

.

စက်တင်ဘာ ၂၃ ။           ။ စက်တင်ဘာ ၂၂ ရက်က အီရန်နိုင်ငံအနောက်တောင်ပိုင်း Ahvaz မြို့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၂၉ ယောက်အနည်းဆုံး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီးနောက် ယင်းကိစ္စနဲ့စပ်လျင်းလို့ ပြင်းပြင်းထန်ထန် ပြန်လည်လက်တုန့်ပြန်သွားမယ် ဆိုပြီး သမ္မတ ဟာဆန် ရိုဟာနီက ကြုံးဝါး  ပြောဆိုလိုက်ပါတယ်။

ယင်းနေ့က တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် လူ ၂၉ ယောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့က ဒါဟာ ၎င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သလို တစ်ဘက်မှာလည်း အီရန်အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အမေရိကန်ကျောထောက်နောက်ခံပြု နိုင်ငံခြားအစိုးရတစ်ရပ် ရှိနေတယ်လို့ ထုတ်ဖော်စွပ်စွဲသွားပါတယ်။

“ ဒီလို အီရန် အပေါ် လာရောက်ခြိမ်းခြောက်တိုက်ခိုက်သွားတဲ့အပေါ် ပြင်းထန်စွာ ပြန်တုန့်ပြန်မှာပါ” ဆိုပြီး ရိုဟာနီရဲ့ တရားဝင် ၀က်ဆိုဒ်မှာ ရေးသားထားပါတယ်။

“ နောက်ပြီး ဒီအကြမ်းဖက်သမားတွေကို သတင်းအချက်အလက်နဲ့ ၀ါဒဖြန့် အကူအညီအထောက်အပံ့တွေ ပေးနေသူတွေလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ယူရပါလိမ့်မယ်” ဆိုပြီး ၎င်းက ပြောပါတယ်။

အလားတူ ယခု တိုက်ခိုက်မှုကို ကျူးလွန်သွားတဲ့ အကြမ်းဖက်သမားတွေကတော့ ပြည်ပအစိုးရတစ်ရပ်က သေချာလူစုဆောင်း၊ လေ့ကျင့်သင်ကြား၊ လက်နက်တပ်ဆင်၊ ပိုက်ဆံထုတ်ပေးထားသူတွေဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဒ် ဇာရစ်ဖ်က ပြောသွားပါတယ်။