NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အီရန်မှာ စစ်ရေးပြအခမ်းအနားကို တိုက်ခိုက်ခံရပြီး ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရ

.

တီဟီရန်၊ စက်တင်ဘာ ၂၂ ။             ။ အီရန်နိုင်ငံ အရှေ့တောင်ပိုင်းက စစ်ရေးပြအခမ်းအနားတစ်ရပ်ကို  စက်တင်ဘာ ၂၂ ရက်မှာ စစ်သွေးကြွတွေ ၀င်ပစ်တာကြောင့် လူပေါင်း ၂၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၃ ဦး ရှိတယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။

“စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် စတေးခံရသူပေါင်းက ၂၄ ဦးအထိ ရှိသွားပါပြီ။ သေဆုံးသူတွေမှာ ပွဲကြည့်ပရိသတ်ထဲက အမျိုးသမီးနဲ့ ကလေးတွေတောင် ပါပါတယ်။”လို့ အဆိုပါ သတင်းဌာနက ဆက်လက်ဖော်ပြပါတယ်။

ဒဏ်ရာရသူ တော်တော်များများကလည်း စိုးရိမ်ရတဲ့  အခြေအနေကြောင့် သေဆုံးသူ ထပ်တိုးနိုင်ခြေ ရှိနေတယ်လို့လည်း ဆက်လက်ဖော်ပြပါတယ်။

ဒီလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကို ရုရှသမ္မတ ဗလာဒီမာပူတင်က ရှုတ်ချလိုက်ပြီး အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီထံလည်း ၀မ်းနည်းကြောင်း သ၀ဏ်ပါးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဌာနေသတင်းတွေအဆိုအရ ၁၉၈၀-၈၈ အီရန်-အီရတ် စစ်ပွဲ စတင်ခြင်း အထိမ်းအမှတ်အဖြစ် အဗက်ဇ်မြို့မှာ  စစ်ရေးပြအခမ်းအနားကို လက်နက်ကိုင်တွေ ၀င်ရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်းက အခြားမြို့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များနေ့ စစ်ရေးပြသမှုတွေ ပြုလုပ်နေသလို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကိုယ်တိုင်လည်း  လက်နက်ကိုင်တပ်ဖွဲ့ဝင်များနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားတဲ့ အချိန်ကာလတွင်းမှာ ခုလို တိုက်ခိုက်မှု ဖြစ်ပွားတာဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အုပ်စုကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မကြေညာသေးပါဘူး။