NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တရားမ၀င် ဒေါ်လာဈေးကွက်ကို ရှာဖွေပြီး ဒေါ်လာဈေးမြင့်တက်မှုကို သမ္မတရုံးမှ ကိုင်တွယ်မည်

.

ဓာတ်ပုံ-AFP

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။            ။ တရားမ၀င်ဒေါ်လာဈေးကွက်ကို ရှာဖွေစိစစ်ကာ ဒေါ်လာဈေးမြင့်တက်နေမှုအား ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) မှ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မည်ကိုစိုးရိမ်၍ လုပ်ငန်းရှင် အချို့မှာ ၄င်းတို့၏ အရင်းအနှီးငွေကြေးများကို ဒေါ်လာအဖြစ်ပြောင်းလဲနေခြင်လည်း   ဖြစ်နိုင်ကြောင်း  ဦးဇော်ဌေးကဆိုသည်။

"နေ့စဉ်ဗဟိုဘဏ်က ရောင်းပေးတာ သောင်းဂဏန်းလောက်ရှိတယ်။ အဲဒီသောင်းဂဏန်းနဲ့ ဒီဈေးကွက်ကြီးကို မထိန်းနိုင်ဘူး။ မထိန်းနိုင်တော့ ဟို Demand အဲဒီလောက်မတက်ပြန်ဘူးဆိုရင် အပြင်မှာ ဗဟိုဘဏ်က မဟုတ်သော အပြင်ဈေးကွက်မှာ ရောင်းဝယ်နေတဲ့ဟာတွေက ဘယ်နေရာတွေလဲ။ ဒါတွေလည်း ကျွန်တော် တို့လုပ်နေပါတယ်" ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောခဲ့သည်။

ယခင်အစိုးရလက်ထက်များတွင် ဒေါ်လာဈေးမြင့်တက်လာပါက ဒေါ်လာဈေး ရောင်းဝယ်နေသူများကို ခေါ်ယူ မေးမြန်းကာ ထိန်းကျောင်းသောကြောင့် ဒေါ်လာဈေးမှာ ပြန်ကျလေ့ရှိပြီး လက်ရှိအစိုးရအနေဖြင့် ထိုကဲ့သို့ မလုပ်ဆောင်လိုကြောင်း ၄င်းကဆိုသည်။

လက်ရှိဒေါ်လာဈေးကွက်ထဲတွင် ရွှေဈေးကွက်၌တွေ့ရလေ့ရှိသည့် လေပတ်ကားရောင်းဝယ်မှုမျိုးလည်း တွေ့နေရသည်ဟု ဦးဇော်ဌေးက ဆိုသည်။ လေပတ်ကားရောင်းဝယ်ခြင်းဆိုသည်မှာ ဒေါ်လာဈေးကွက်သို့ သွားရောက်ကာ ပိုက်ဆံမချေဘဲ နှုတ်ဖြင့်ဝယ်ယူခြင်းဖြစ်ပြီး ၀ယ်ယူခဲ့သည့်ဈေးထက် ဈေးမြင့်တက်လာပါက အမြတ်ရရှိသည့် အခြေအနေမျိုးဖြစ်သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တရားမ၀င်ဒေါ်လာဈေးကွက်များကို စိစစ်အရေးယူသွားမည် ဆိုသောပြောဆိုချက်ကို ထောက်ခံကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က ပြောသည်။

"ပြောသွားတာတော့သူတို့က တရားမ၀င်ကိုအရေးယူမယ်ဆိုတာ ဒါကောင်းတာပေါ့။ ဒါပြင်ပမှာ ရောင်းဝယ် နေတာပဲ။ တရားမ၀င်ဆိုတာဟွန်ဒီကိုပြောတာလေ ဟုတ်တယ်မလား။ ဟွန်ဒီကိုအရေးယူမယ်ဆိုတာ အရေး ယူပေါ့။ ဒါပေမယ့် တစ်ခုသတိထားဖို့လိုတာက ဟွန်ဒီကျတော့ ကြိုပေါက်တယ်တော့မဟုတ်ဘူး။ ဘယ်လိုရှာပြီး ဖမ်းမယ်ဆိုတာ သူ့ကိုသာမေးကြည့်တော့" ဟု ဦးသန်းလွင်က ဆိုသည်။

ဒေါ်လာဈေးမြင့်တက်လာသည်နှင့်အမျှ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနူန်း + ၀.၈ ရာခိုင်နူန်း နှင့် - ၀.၈ ရာခိုင်နူန်းအတွင်း   ရောင်းဝယ်ခြင်းဆောင်ရွက်ရန် ညွှန်ကြား ထားမှုကို ပယ်ဖျက်ကာ လွတ်လပ်စွာရောင်းဝယ်သည့်ဈေးကွက်အဖြစ် ပြောင်းလဲခဲ့သည်။ သို့သော်လည်း ၄င်း အခြေအနေမှာ ဗဟိုဘဏ်အနေဖြင့်ဈေးကွက်အားမထိန်းချုပ်နိုင်တော့၍ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူတချို့က ဆိုခဲ့သည်။

နိုင်ငံခြားငွေလွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးမှာ ၁၄၄၅ ကျပ်ရှိနေပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၆၀၀ ကျပ်နှင့် အထက်သို့ ရောက်ရှိခဲ့သည်။

"ကျွန်တော်ထင်တာကတော့ လက်ရှိအထိန်းအကွပ်မရှိတဲ့ဒေါ်လာဈေးကွက်အရ အဲဒါကလည်းပဲ အရောင်း ကိုယ်စားလှယ်တွေကို တရားဝင်ဖြစ်အောင်တွန်းပို့တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေ တရားဝင် ဖြစ်လာပြီး ဗဟိုဘဏ်ရဲ့စည်းမျဉ်းတွေနဲ့ ကြီးကြပ်မှုရှိလာနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒါက လုံလောက်တဲ့ ယှဉ်ပြိုင်မှုတစ်ခုပါ။ တကယ့်ကို အထိန်းအကွပ်မရှိတဲ့အခြေအနေကနေ တရားဝင် ဖြစ်တဲ့ အခြေအနေနဲ့ ငွေကြေးဈေးကွက်ကိုပါ အခြေအနေကောင်းတစ်ခုကို ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်" ဟု ဒေါက်တာရှောင်တာနေး က သြဂုတ်လ ၁၇ ရက်နေ့က မဇ္ဈိမသို့ ပြောခဲ့ဖူးသည်။

ဒေါ်လာဈေး ဆက်တိုက်မြင့်တက်မှုကြောင့် ပြည်ပပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏပိုမိုများပြားနေသည့် မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ ဓာတ်ဆီ အစရှိသည်တို့လည်း ဈေးနှုန်းမြင့်တက် လာခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ပုဂ္ဂလိကဘဏ်များ၌ ရောင်းဈေး ၁၅၈၅ ကျပ်မှ ၁၆၁၈ ကျပ်အတွင်းရှိနေပြီး ၀ယ်ဈေး ၁၆၃၀ မှ ၁၆၄၀ ကျပ် အကြားရှိနေသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းများလည်း ဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၀၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၇၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၆၅ ကျပ်၊ ဒီဇယ် ၁၀၅၅ ကျပ် ဖြင့် အသီးသီးမြင့်တက်နေသည်ကို Denko ဆီဆိုင်မှ သိရသည်။