မြစ်ဝကျွန်းပေါ်ဒေသမှ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာ

.

ရန်ကုန်   စက်တင်ဘာ  ၂၂ ။           ။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသမှ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည်။

မြေပြင်မိုးလေ၀သအခြေအနေတွင် အနောက်တောင်မုတ်သုံလေဦးသည် မြစ်ဝကျွန်းပေါ်၏ တောင် ဖက် သို့ရောက်ရှိနေပြီး၊ ပေ(၅၀၀၀) အမြင့်တွင် တိုက်ခတ်နေသော အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်၏ တောင်ဖက်သို့ ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် ဂြိုဟ်တု တိမ်ပုံ အခြေအနေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် မိုးတိမ်တောင်တိမ်တိုက်တစ်ခု ဖြစ်ပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အနောက်တောင်မုတ်သုံလေသည် မြန် မာနိုင်ငံ အလယ်ပိုင်းဒေသများမှ နောက် ၂ ရက်အတွင်းဆုတ်ခွာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ (၂၂)ရက်နေ့၊ နေ့လယ် ၂ နာရီ တိုင်းထွာချက်အရ လွန်ခဲ့သော(၂၄)နာရီအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် တိမ် အသင့် အတင့်ဖြစ်ထွန်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ၊ နေပြည်တော် တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

မိုးရေချိန်များမှာ နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် (၁.၇၄)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် (၁.၅၀) လက်မ၊ မချမ်းဘောမြို့နှင့် လွိုင်လင်မြို့တို့တွင် (၁.၃၈)လက်မစီ၊ ပူတာအိုမြို့တွင် (၁.၃၄) လက်မ၊ အမ်းမြို့တွင် (၁.၁၀)လက်မနှင့် ညောင်တုန်းမြို့တွင် (၁.၀၈)လက်မတို့ ဖြစ်ကြပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၇)ပေခန့်ရှိနိုင်ကြောင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန် ထားသည်။