မလေးရှား အရက်အဆိပ်သင့်မှုမှာ သေဆုံးသူ ၂၉ ဦးအထိ ရှိလာ

.

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂ ။      ။ မလေးရှားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရက်အဆိပ်သင့်မှုမှာ သေဆုံးသူတွေ ထပ်တိုးလာပြီး အနည်းဆုံး ၂၉ ဦး ရှိနေပြီလို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

မက်သနောပါတဲ့ အရက်ကြောင့် အဆိပ်သင့်မှုဖြစ်ပြီး ဆေးရုံရောက်သူပေါင်းဟာလည်း ၄၇ ဦး ရှိနေကာ တစ်ချို့က စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

သေဆုံးသူတွေမှာ မလေးရှားနိုင်ငံသားက ကိုးဦးပဲ ရှိနေတာဖြစ်ပြီး ကျန်သေဆုံးသူတွေကတော့ မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် နောဟီစဟမ်က ထုတ်ပြန်ပါတယ်။

အရက်အပေါ် အခွန်ကြီးလေးစွာ  ကောက်ယူတဲ့ မလေးရှားနိုင်ငံမှာ ဈေးပေါတဲ့ ချက်အရက်တွေကို ဆင်းရဲသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေက အသောက်များကြတာ ဖြစ်ပါတယ်။

အရက်အတု ချက်လုပ်ရာမှာ အယ်ကိုဟောနဲ့ ပေါင်းစပ်တဲ့ မက်သနောဟာ ပမာဏနည်းနည်းပဲ ပါဝင်တယ်ဆိုရင်တော့ အန္တရာယ်မဖြစ်ပေမယ့် ပမာဏ များသွားရင် အသက်အန္တရာယ်ပါ ရှိစေတာ ဖြစ်ပါတယ်။

သေဆုံး၊ နာမကျန်းဖြစ်သူတွေဟာ ၀ီစကီ တံဆိပ်နှစ်မျိုးနဲ့ ဘီယာတံဆိပ်တစ်မျိုးတို့ကို သောက်သုံးပြီး ဖြစ်ရတာလို့ ရဲက ယူဆထားပါတယ်။

ဒီလို အဆိပ်ဖြစ်စေတဲ့ တံဆိပ်တွေကတော့ Mandalay Whiskey၊ King Fisher Beer နဲ့ Grand Royal Whiskey တို့ပဲ ဖြစ်ကြောင်း ဌာနေသတင်းတွေက ဖော်ပြပါတယ်။

ဒီလို အရက်အဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ရဲက လူကိုးဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။
 

Tags: