NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မူးယစ်လက်ကြီးဒိုင်သတင်း တိုင်ကြားပါက သမ္မတအပါအဝင် ၃ ဦးသာ သိရှိမည်ဟု ဆို

.

နေပြည်တော်၊ စက်တင်ဘာ ၂၂ ။                      ။ နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ မူးယစ်ဆေးဝါးများကို ထုထည်ကြီးကြီးမားမားနှင့်ရောင်းဝယ်ဖောက်ကားသည့်သူများကို တိုင်ကြားရန်လိုအပ်ပြီး တိုင်ကြားမှုကို လျှို့ဝှက်ထားမည်ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

“တကယ့်ကို ထုနဲ့ ထည်နဲ့ ကြီးကြီးမားမားတွေဆိုရင်လည်း တိုင်ကြားဖို့ ကျွန်တော်ထပ်ပြီးတော့ ပြော ချင်တယ်။  အဲ့လိုတိုင်မှလည်း ကျွန်တော်တို့က ထိထိရောက်ရောက်လုပ်နိုင်မယ်။ တိုင်ကြားသူကိုလည်း ကျွန်တော်တို့က လျှို့ဝှက်ထားတယ်။ ပြည်ထဲရေးက မသိဘူး။ ဘယ်သူတိုင်တယ်ဆိုတာ ဒီကကိုင်တွယ်တဲ့လူ သုံးယောက်လောက်ပဲ သိတယ်၊ သမ္မတကြီးအပါအ၀င်ပေါ့။  ပြည်ထဲရေး မသိဘူး၊ ကျွန်တော်တို့ မသိဘူး။ ဒီသတင်းဘယ်ကလာလဲ မသိဘူး။ အဲ့လောက်ထိ သူ့ကို ကျွန်တော်တို့က အကာအကွယ်ပေးထားပါတယ်လို့ အဲဒါလေးပြောချင်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

စက်တင်ဘာ ၂၁ရက်နေ့ ညခင်းပိုင်းက သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကို ၄င်းကပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးအထူးတိုင်ကြားရေးဌာနသို့ တိုင်ကြားရာတွင် မူးယစ်ဆေးဝါးများကို ထုထည်ကြီးကြီးမားမားရောင်းချနေသည့် သတင်းများကို တိုင်ကြားမှု မရှိသေးကြောင်းနှင့် အဆိုပါကဲ့သို့သော အမှုများကို လိုချင်ပြီး သေးငယ်သော အမှုများကိုလည်း လျစ်လျူရှု ထားရှိလို့မရသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး အထူးတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်ပင်ကာ ဖွင့်လှစ်ခဲ့သည့်ဌာနဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်သွားတတ်သည့် မူးယစ်ဆေးဝါးများ မဖြစ်စေရေးအတွက် အဓိက ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်စာရောက်တယ် ဒီမှာ သမ္မတရုံးမှာ ဒုညွှန်ချုပ်ဦးစီးပြီးတော့ လုပ်တယ်။ လူနည်းနည်းနဲ့ လုပ်တယ်။ ရောက်တယ် ရောက်လာတဲ့ဟာကို  အဆင့်ဆင့်တင်ပြတယ် ။ တင်ပြပြီးရင်  ပြည်ထဲရေးကို ပေးတယ်။ သမ္မတတကြီးဆီ ရောက်တယ်။ အဆင့်ဆင့်ဆိုတာ ၂ ဆင့်ပဲ ရှိတယ်။  အဲ့၂ ဆင့်နဲ့ပြီးတာနဲ့ ပြည်ထဲရေးကို  ချပြလိုက်တယ်။ ပြည်ထဲရေးက  တစ်ဆင့်တစ်ဆင့် မသွားတော့ဘူး ။ တိုက်ရိုက်သွားတယ်။ တိုက်ရိုက်သွားပြီးတော့ အဲ့မှာ မှန်လား၊ မမှန်လား စိစစ်တယ် ၊ ပြီးရင်မှန်တယ်ဆိုရင် အရေးယူဖို့လုပ်တယ်။ အဲ့တော့မြန်တယ်ပေါ့နော်” ဟု ဦးဇော်ဌေးက ပြောသည်။

ယခင်ကာလများက မူးယစ်ဆေးအမှုများကို ဖမ်းဆီးရာတွင်  ဗဟိုမှပြည်နယ်၊ ပြည်နယ်မှခရိုင်၊ ခရိုင်မှ မြို့နယ်စသည့် အဆင့်ဆင့်သို့ ဖမ်းဆီးခွင့်များ တင်ပြခဲ့ရသဖြင့် အမှုကွင်းဆက်များ ပျောက်သွားတတ်သည့်အတွက် ယခုကဲ့သို့  သမ္မတရုံးတွင် အဆင့် ၃ ဆင့်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မူးယစ်အထူးတိုင်ကြားရေးဌာနသို့ ဇွန်လ ၂၇ ရက်မှ  စက်တင်ဘာလ ၁၇ ရက်အထိ တိုင်ကြားပေးပို့မှုပေါင်း ၆၉၈ မှုရှိခဲ့ပြီး ၊ ၅၁၄ မှုကို စုံစမ်းဖော်ထုတ်ခဲ့ကာ ဖမ်းဆီးရမိမှု ၁၇၄ မှုတွင် တရားခံ ကျား ၃၅၆ ဦး၊ မ ၇၀ ဦး စုစုပေါင်း ၄၂၆ ဦး ရှိခဲ့ကာ ဘိန်းဖြူ(၂၆၂၆.၉၇)ဂရမ်၊ ICE(၁၆.၇၁)ဂရမ်၊ ဘိန်း (၃၄၈၉၆.၈၅)ဂရမ်၊ စိတ်ကြွဆေးပြား(၁၄၄,၇၈၁) ပြား၊ ဆေးခြောက်(၃၃၅၆.၇၄)ဂရမ် ၊ သေနတ်မျိုးစုံ(၁၀)လက်၊ ကျည်မျိုးစုံ(၁၇၉)တောင်နှင့် လက်ပစ်ဗုံး (၁)လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာလ ၁၉ ရက်က အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး  ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ အစီရင်ခံတင်ပြချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက  ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ရာတွင် ပါရှိခဲ့သည်။