အာဏာရှင်စနစ်နဲ့ မာရှယ်လောတို့ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်မှာ ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်

.

မနီလာ၊ စက်တင်ဘာ ၂၁ ။          ။ ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားမှာ ပြည်သူထောင်သောင်းများစွာဟာ အရင်သမ္မတ မားကို့စ်လက်ထက် မာရှယ်လောကြေညာခဲ့ခြင်း ၄၆ နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၁ ရက်မှာ လမ်းတွေပေါ် ထွက်လာကြပြီး ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ကျောင်းသားအုပ်စုတွေ ဦးဆောင်တဲ့ မြို့တော်မနီလာနဲ့ နိုင်ငံတစ်ဝှမ်းက အခြားမြို့တွေက ဆန္ဒပြပွဲတွေမှာ မာရှယ်လောကို ရှုတ်ချပြီး လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေးကိုလည်း အာဏာရှင်ဆန်စွာ မာရှယ်လောပြဌာန်းခဲ့တဲ့ မူဝါဒကို ပြန်လည်အသက်မသွင်းဖို့ သတိပေးကြပါတယ်။

မနီလာက တက္ကသိုလ်အသီးသီးကနေ စတင်တဲ့ ဆန္ဒပြသူတွေဟာ မြို့အနှံ့က ဆုံမှတ်တွေဆီ ချီတက်ပြီး စုရုံးဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန်တိုတိုမတ်တက္ကသိုလ်က ကျောင်းသားတွေပါပါဝင်တဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ တက္ကသိုလ်ဝင်ပေါက်မှာ စုရုံးကြပြီး  “မာရှယ်လော အလိုမရှိ”၊ “အာဏာရှင် ဒူတာတေး”၊ “ဖက်ဆစ်ဒူတာတေး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြအုပ်စုတစ်စုကလည်း မားကို့စ်နဲ့ ဒူတာတေးတို့ မျက်နှာပုံနဲ့ ဆင်တဲ့ ပိုစတာတစ်ခုကို မီးရှို့ဆန္ဒပြတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲတွေ ပြုလုပ်မယ် ကြေညာပြီးနောက်မှာ  မနီလာမြို့တော်ခန်းမကနေ စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ယာယီပိတ်ထားရန် အမိန့်ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

မနီလာမြို့အနှံ့မှာလည်း ရဲဝန်ထမ်း လေးထောင်ကျော် တပ်ဖြန့်ထားလို့ လုံခြုံရေးအားဖြည့်ထားရပါတယ်။

မားကို့စ်ရဲ့ မာရှယ်လော ပြဌာန်းအုပ်ချုပ်ခဲ့တဲ့ ၁၉၇၂ ကနေ ၁၉၈၁ ခုအထိ ကိုးနှစ်တာအတွင်းမှာ လူပေါင်း အနည်းဆုံး ၃၂၄၀ ဦး သေဆုံးပြီး ၇၀၀၀၀ ဖမ်းဆီးခံရကာ ၃၄၀၀၀ မှာ ညှဉ်းပန်းနှိပ်စက်ခံရကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့အရ သိရပါတယ်။

ပြည်သူများရဲ့ ငြိမ်းချမ်းစွာ တော်လှန်မှုဖြစ်ပွားပေါ်ပေါက်လာပြီးနောက်မှာ အာဏာရှင်မားကို့စ်ကို ရာထူးက ဖြုတ်ချခံရပြီး ၁၉၈၁ ခုနှစ်က စတင်ကာ ပြည်ပြေးအဖြစ် ဟာဝိုင်ယီမှာ နေထိုင်ရင်း ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Tags: