NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရွှေတိဂုံစေတီတော်၏ ကြံ့ခိုင်မှုအား လွန်ဖြင့်ဖောက်ပြီး စစ်ဆေးမည်မဟုတ်ဟု ဂေါပကပြော

.

ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။       ။ စေတိဂုံစေတီတော်မြတ်၏ ဒုထည် ကြံ့ခိုင်မှုအား စစ်ဆေးရာတွင် လွန်ဖြင့် ဖောက်ပြီး စစ်ဆေး သွားမည်ဆိုသော ကောလဟာလများမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် စီမံ/ လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က ပြောသည်။

ရွှေတိဂုံစေတီတော်အား ၂ဝ၁၈ - ၁၉ ခုနှစ် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂ဝ ရက်၊ ရွှေတိဂုံစေတီတော်၊ ရင်ပြင်တော်တောင်ဘက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲအပြီး မီဒီယာများ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ စေတီတော်ကြီးကို သူများတွေ မမှန်မကန်ပြောနေလို့ ဖောက်မယ်ဆိုတာတွေ။ မဖောက်ပါဘူး။ ရိုက်ကြည့် မယ်။ အထဲမှာရှိတဲ့ ကြံ့ခိုင်မှုကို ဟို..ဘာခေါ်မလဲ ဆိုနာတို့ဘာတို့လို၊ လှိုင်းတစ်ခုဝင်သွားတယ်။ ပြန်ထွက်လာ တယ်။ အထဲမှာ အခေါင်းဖြစ်နေလား။ ပိတ်နေသလား။ အဲ့ဒါတွေကို စစ်ဆေးမယ်။ လိုအပ်လို့ရှိရင် ပြုပြင်ပေး မယ်”ဟု ဦးသောင်းထိုက်က ပြောသည်။

ထုထည်စစ်ဆေးရာတွင် လွန်ဖြင့် မဖောက်ဘဲ အသံလှိုင်းသုံး ဆိုနာစနစ်ဖြင့် အတွင်းဘက်အနေအထားကို စစ်ဆေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ထားရာ အဆိုပါ ရွှေတိဂုံစေတီတော်၏ သက်တမ်းမှာ နှစ်ပေါင်း ၂,၆ဝ၇ နှစ်ရှိပြီ ဖြစ်ပြီး ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ၅ နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေပြားသင်္ကန်းကပ်လှူခြင်းကို ပြုလုပ် ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ၅ နှစ်တစ်ကြိမ် လုံးတော်ပြည့် သင်္ကန်းကပ်လှူခြင်းကို ပြုလုပ်ခဲ့သော်လည်း ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလန်ဧရိယာတွင် မည်းနေသည့်အတွက် အဆိုပါ ရွှေပြားများပြန်ခွာပြီး အသစ်ပူဇော်နိုင်ရန် တစ်နှစ်စောပြီး ယခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူသွားနိုင်ရန် ပြင်ဆင် နေပြီဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ရွှေတိဂုံစေတီတော်တွင် ငြမ်းဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိုသို့ ရွှေသင်္ကန်းကပ်လှူရာတွင် ဂေါပကအဖွဲ့ တစ်ဖွဲ့တည်းလုပ်ဆောင်မည်မဟုတ်ဘဲ ပညာရပ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ တာဝန်ခံများ၊ ကျွမ်းကျင်ပညာရှင်များ၊ အတွေ့အကြုံ ရှိသည့်ပုဂ္ဂိုလ်များ ပါဝင်သည့် ကြီးကြပ်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။