NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရွှေတိဂုံရွှေပြားညိုမည်းသွားခြင်းအကြောင်းလုပ်ငန်းရှင် ခုခံပြောကြား

.

စက်တင်ဘာ ၂ဝ ရက်နေ့က နမူနာရွှေပြားများ ပြသနေသော ရွှေတိဂုံဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦး (ဓာတ်ပုံ - လွမ်းဒေါင်/Myanmar Now)

ရွှေအရည်အသွေးကောလာဟလအဆုံးသတ်ရန် စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းမည်ဟု ရွှေတိဂုံရွှေစင်ပြားထုတ်လုပ်သူက ဆိုသည်။

(ရန်ကုန်) —ရွှေတိဂုံစေတီတော် ထိပ်ပိုင်းတွင် ကပ်လှူပူဇော်ထားသောရွှေပြားများညိုမည်းလာပြီးနောက် ထွက်ပေါ်လာသည့် ကောလာဟလများအကြောင်းဖြေရှင်းရန်အသင့်ရှိကြောင်းရွှေပြားတာန်ယူထုတ်လုပ်ခဲ့သည့် ‘ရတနာကျွန်း’ ရွှေပန်းတိမ်လုပ်ငန်းကစက်တင်ဘာ ၂၁ တွင် Myanmar Now သို့ပြောသည်။

အထင်ကရစေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာတွင်အရောင်ပြောင်းသွားခြင်းမှာရွှေပြားထုတ်လုပ်သူတွင်သာအဓိကတာဝန်ရှိကြောင်းဂေါပကအဖွဲ့ကရှင်းလင်းပြောဆိုပြီးနောက်တစ်နေ့တွင် ‘ရတနာကျွန်း’ဘက်ကယင်းကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

လာမည့် လများအတွင်းပြည်ထောင်စုအဆင့်က ဦးဆောင်ပြီးပညာရှင်များပါင်သည့် ကော်မတီဖွဲ့စည်းကာရွှေပြားအရည်အသွေးစစ်ဆေးမည့် အစီအစဉ်တွင် ပူးပေါင်းသွားရန်အဆင်သင့် ရှိနေကြောင်း၊ စစ်ဆေးမှုအဖြေထွက်လာပါကအားလုံးရှင်းလင်းသွားမည် ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် ‘ရတနာကျွန်း’ ရွှေပန်းတိမ်လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်ကပြောသည်။

“ငြမ်းပေါ်က ဖြုတ်ချပြီးဒါတွေကို(ရွှေပြားတွေကို) ပညာရှင်နဲ့စစ်ဆေးတဲ့အခါ ရှင်းသွားမှာပါ” ဟုဦးစန်းလွင်ကပြောသည်။

ဂေါပကအဖွဲ့ ရှင်းလင်းချက်

အဆိုပါရွှေပြားများသည် အရည်အသွေးမပြည့်ခြင်းကြောင့်မဲညစ်သွားခြင်းဖြစ်ကြောင်းအွန်လိုင်းလူမှုကွန်ရက်တွင် ထင်မြင်ချက်အများအပြားပေါ်ပေါက်နေရာဂေါပကအဖွဲ့က ရွှေပြားတို့၏အရည်အသွေးသည် ၁၆ပဲရည်ရှိကြောင်းတုန့်ပြန်ထားသည်။

ရွှေသင်္ကန်းကပ်လှူပူဇော်ရေးအတွက် မကြာသေးမီရက်ပိုင်းအတွင်းကစတင်သောငြမ်းတည်ဆောက်ရေးလုပ်ငန်းများအပြီးတွင်စုံစမ်းစစ်ဆေးမှုစတင်မည်ဟုလည်းဂေါပကအဖွဲ့ကကြေညာထားသည်။

“စုံစမ်းစစ်ဆေးတဲ့ကိစ္စကြီးက ပြည်ထောင်စုအဆင့် ကနေလုပ်မယ်၊ရွှေပြားတွေကိုဖြုတ်မယ်၊ ဖြုတ်ပြီးတာနဲ့ စစ်တဲ့အခါမှာရွှေပါဝင်မှု ရာခိုင်နှုန်းပေါ်မူတည်ပြီး မှန်မှန်ကန်ကန်လုပ်ခဲ့တာ ဟုတ်လား၊မဟုတ်လားဆိုတာပေါ်လာမှာပါ။ အဲ့ဒီစစ်ဆေးတွေ့ရှိချက်ပေါ် မူတည်ပြီးကုမ္ပဏီကိုလိုအပ်သလိုစစ်ဆေးဆောင်ရွက်သွားမှာပါ”  ဟုဂေါပကအဖွဲ့မှ စီမံရေးနှင့်လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က Myanmar Now ကိုပြောသည်။

ရွှေပြား ၃,၉ဝဝရှိသည့် ကြာမှောက်ကြာလှန်ဧရိယာတွင် ၂၁၄ ခုနှစ်ကရွှေပြား ၁,၈ဝဝကျော်လဲလှယ်ခဲ့ကြောင်းဂေါပကအဖွဲ့ မှတ်တမ်းအရသိရသည်။

ရွှေပြားများညိုမည်းနေခြင်းကိုစတင်သတိထားမိလာကြသည့် ၂ဝ၁၆ ကတည်းကပြန်လည်ပြုပြင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းရွှေတိဂုံဂေါပကအဖွဲ့ ရွှေနှင့်ရတနာဌာနတာဝန်ခံဦးညိုဝင်းက စက်တင်ဘာ၂သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဓာတုဆေးရည်

စတင် ကပ်လှူစဉ်ကရွှေစင်ပြားများသန့်စင်ရန် ဆိုက်ယာနိုက် ဓာတုဆေးရည် အသုံးပြုခဲ့ကြောင်း၊ အောက်ဘက်တွင် ရွှေမျက်ပါးသင်္ကန်းကပ်လှူနေသည့်အချိန် ဖြစ်ခြင်းကြောင့် ကြာမှောက်ကြာလှန် ဧရိယာတဝိုက်ကိုရေလုံလောက်စွာအသုံးမပြု ခဲ့ရသည့်အတွက်ညိုမည်းသွားရသည်ဟုရွှေစင်ပြားထုတ်လုပ်သည့် ‘ရတနာကျွန်း’ဘက်ကအကြောင်းပြကြောင်းဂေါပကအဖွဲ့ကပြောကြားခဲ့သည်။

‘ရတနာကျွန်း’ ရွှေပန်းတိမ်လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်ကလည်းရွှေ၁၆ပဲရည်ကိုဆိုက်ယာနိုက်ဓာတုဆေးဖြင့် ဆေးကြောပါကညိုမည်းလေ့ရှိကြောင်း၊ အဆိုပါပြသနာကိုနားလည်သဘောပေါက်ရန် နည်းပညာပိုင်းဆိုင်ရာရှင်းလင်းတင်ပြရမည်ဖြစ်သောကြောင့် နှုတ်ဖြင့်ရှင်းလင်းပြောခြင်းထက်လက်တွေ့လုပ်ပြခြင်းကပိုမိုထိရောက်ကြောင်းပြောသည်။

“အချိန်တန်တဲ့အခါ အားလုံးရှင်းသွားမှာပါ။ မစိုးရိမ်ကြပါနဲ့” ဟု၎င်းကပြောသည်။