NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဦးကိုနီ လုပ်ကြံမှုအပြီး ၁ဝ လခန့်မှ လေယာဉ်မောင်း သင်တန်းပြီးဆုံးဟု အောင်ဝင်းဇော်၏ သားထွက်ဆို

.

ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။         ။ ဦးကြည်လင်းအမှုတွဲမှ ဦးအောင်ဝင်းဇော်က အခင်းဖြစ်ပွားသည့်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခြင်းမှာ သားဖြစ်သူလေယာဉ်မှူး အလုပ်ရရန်အတွက် သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားခဲ့သော်လည်း ဦးကိုနီ လုပ်ကြံမှုအပြီး ၁ဝ လခန့်မှ လေယာဉ်မောင်း သင်တန်းပြီးဆုံးခဲ့ကြောင်း ကိုစစ်မြတ်ဦးက ထွက်ဆိုခဲ့သည်။

ကိုစစ်မြတ်ဦးမှာ စွပ်စွဲခံရသူ ဦးအောင်ဝင်းဇော်၏ သားဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်၊ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည့် တရားခံပြသက်သေ ၃ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

ကိုစစ်မြတ်ဦးသည် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံရှိ လေယာဉ်မှူး သင်တန်း ကျောင်းတွင် တက်ရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် သင်တန်းပြီးဆုံးခဲ့ကြောင်း၊ထို့နောက် ကျောင်းဆင်းကာ ၂ဝ၁၈ ခုနှစ်၊ မတ်လတွင် လေယာဉ်မောင်းလိုင်စင် ရရှိခဲ့ခြင်းဖြစ်ကြောင်း  တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

 “သေချာပေါက်အောင်မှာ၊ သေချာပေါက်လက်မှတ်ရမှာ အဲ့ဒီတော့ ကြိုရှာရတာပေါ့။ ချက်ချင်းရှာလို့လည်း အလုပ်တွေက မရဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့က ကြိုရှာတာပေါ့။ လိုင်စင် လက်ထဲမရောက်ခင်ကတည်း က လိုင်စင်ရမယ်ဆိုတာ သေချာပေါက်သိနေတာကိုး။ ကျောင်းသားတစ်ယောက်က တက္ကသိုလ်က ဘွဲ့ရမယ်။ ဘွဲ့ရရင် အလုပ်လျှောက်ရတော့မယ်ဆိုတော့ ဘွဲ့မရခင်ကတည်းက ကိုယ်နဲ့ အဆင်ပြေရာအလုပ်တွေကို ကြို တင်စုံစမ်းခြင်းဟာ ပိုကောင်းတာပေါ့”ဟု ဦးအောင်ဝင်းဇော်၊ ဦးအောင်ဝင်းထွန်းတို့ဘက်မှ ဆောင်ရွက်ပေး နေသည့် အထက်တန်းရှေ့နေ ဦးအောင်ခိုင်က တရားခွင်မှအထွက်တွင် ပြောသည်။

ကိုစစ်မြတ်ဦးက လေယာဉ်မှူးကျောင်းဆင်းလက်မှတ်ရရှိခြင်းမရှိသေးဘဲ ဦးအောင်ဝင်းဇော်က  ဦးကိုနီ လုပ်ကြံ ခံခဲ့ရသည့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေခြင်း မှာ သားဖြစ်သူ ကိုစစ်မြတ်ဦး လေယာဉ်မှူး အလုပ်ရရန်သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသဖြင့် အထက်တန်းရှေ့နေ ဦးအောင်ခိုင်အား မေးမြန်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး စစ်ဆေးခဲ့သည်မှာ တစ်နှစ်ခွဲခန့်ထိ ကြာမြင့်နေပြီဖြစ်ပြီး ထိုသို့ တရားစီရင်ရေးပိုင်း ကြာမြင့်နေသည်မှာ အများပြည်သူဝေဖန်သကဲ့သို့ အချိန်ဆွဲနေခြင်းမဟုတ်ဘဲ ပုံမှန်စစ်ဆေးနေခြင်းသာဖြစ် ကြောင်း အထက်ရှေ့နေ ဦးအောင်ခိုင်က မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့သည်။

“ မြန်မာပြည်မှာဖြစ်နေတာက တရားရုံးတွေမှာ ဖြစ်နေတာက ဒီလိုဗျ။ ကျွန်တော်တို့ ဖွဲ့စည်းပုံက ဝန်ကြီးဌာန သုံးခုဗျ။ တစ်ခုက ပြည်ထဲရေး၊ ပြည်ထဲရေးဆိုတာက ရဲရယ်၊ အကျဉ်းဦးစီးရယ်ပေါ့နော်။ ဒီမှာကတော့ အတွေ့ အကြုံအရအခက်အခဲမရှိဘူး။ တချို့မြို့နယ်တွေမှာဆိုရင် အချုပ်ကားမလာတာတို့၊ အချုပ်ကားပျက်လို့၊ အကျဉ်းဦးစီးကလည်း အချုပ်ကားမလာရင် တရားခံကို ဘယ်သူကထုတ်ပေးမလဲ။ ဒီပြဿနာက ဒီမှာတော့ မရှိဘူး။ ရှေ့နေချုပ်ရုံးက ဥပဒေအရာရှိ၊ တရားသူကြီး၊ ကျွန်တော်တို့ရောဆိုရင် ၄ ခုပေါ့။ ဒီလေးခု စပ်ဆက်ရ တာကိုး။ ကျွန်တော်တို့ ဒီမှာတောင်မှ သက်သေ ၈ဝ ထည့်တယ်။ ၇၂ ယောက်ပဲစစ်တယ်။ တစ်ခါစစ်ရင် ၅ ယောက် ၂ ချိန်း၊ ပုံမှန်စစ်နေတာပဲ”ဟု ဦးအောင်ခိုင်က ပြောသည်။

လက်ရှိတွင် အဆိုပါ အမှုအတွက် တရားခံပြသက်သေ ဦးရေ ၄ဝ တင်ထားပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ရုံးချိန်းတွင် ၃ ဦးကို ပထမဆုံးအကြိမ်စတင်စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ခရိုင်တရားရုံးမှ ကျန်ရှိသည့် တရားခံပြသက်သေများအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် လာမည့် စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်အား ထပ်မံချိန်းဆိုလိုက်သည်။