NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တောင်းရမ်းစားသောက်နေသော ကလေးငယ်အရေအတွက်စာရင်းကို လွှတ်တော်သို့ တင်ပြနိုင်ခြင်းမရှိသေး

.

ရန်ကုန်မြို့ရှိ ၀မ်းစာအတွက် တောင်းရမ်းနေကြသည့် သက်ကြီးရွယ်အိုများအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်းရမ်းစားသောက်နေသော ကလေးငယ်အရေအတွက်ကို စစ်တမ်း ကောက်ယူထားခြင်း မရှိသောကြောင့် စာရင်းတင်ပြနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်းရမ်းစားသောက်နေသော ကလေးငယ်များ အရေအတွက် မည်မျှ ရှိသည်ကို စစ်တမ်းကောက်ယူထားခြင်းများ ရှိ/မရှိနှင့် ရှိပါကအရေအတွက် မည်မျှရှိသည်ကို သိရှိလိုပါကြောင်း ကျင်းပဆဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ  တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်းရမ်းစားသောက်နေသော ကလေးငယ်များ အရေအတွက် မည်မျှရှိ သည်ကို စစ်တမ်းကောက်ယူထားခြင်းမရှိသဖြင့် အရေအတွက်တင်ပြနိုင်ခြင်းမရှိပါဘူး။”ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း လမ်းပေါ်ကလေးပပျောက်ရေးအတွက် စီမံချက်ရေးဆွဲ၍ ခရိုင်(၄)ခုရှိ ရန်ကုန်ဘူတာကြီး၊ ပန်းဆိုးတန်း ဆိပ်ကမ်း၊ သီရိမင်္ဂလာဈေး၊ သန်လျင် လူငယ် သင်တန်းကျောင်း၊ ထောက်ကြန့်အမျိုးသမီးကလေးကျောင်း၊ လှည်းတန်း၊ ဒလ၊ ဒညှင်းကုန်း၊ အောင်မင်္ဂလာ၊ မင်္ဂလာတောင်ညွှန့် ၊ YCDC , Workd Vision Center စသည့် (၁၂) နေရာတွင်ရှိသော ကလေး (၁၆၄)ဦးအား လမ်းပေါ်ရောက်ရှိရခြင်းနှင့် ပတ်သက်သည့် စစ်တမ်းကို  ကောက်ယူခဲ့ကြောင်း သိရသည်။

လမ်းပေါ်နေကလေးများနှင့် လေလွင့်ကလေးငယ်များ လျော့နည်းပပျောက်ရေးအတွက်ဆောင်ရွက်ရာတွင်  ရွှေပြည်သာမြို့နယ် အတွင်းရှိ လမ်းဘေးနေခိုကိုးရာမဲ့ ဆင်းရဲနွမ်းပါးကလေးများနှင့် လေလွင့်ကလေးများ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းအဖြစ် စက်ချုပ်စက်၊ ဒါးစက်နှင့် မော်တာချုပ်စက် ပြုပြင်ရေး သင်တန်း၊ စက်ချုပ်၊ မော်တာစက်နင်းသင်တန်း၊ မိန်းမဝတ်ချုပ်နည်းသင်တန်းနှင့် ကားဝပ်ရှော့သင်တန်း တို့အား၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ မှ၂၀၁၈ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့အထိ သင်တန်းသား/သူ (၂၀)ဦးဖြင့် နိုင်ငံတော်ဘတ်ဂျက်မှ ကုန်ကျခံကာ သင်ကြားပေးခဲ့ကြောင်း ဦးနိုင်ငံလင်းက ဆက်လက်ပြောကြား ခဲ့သည်။

ထို့အပြင် လမ်းပေါ်နေကလေးများနှင့် လေလွင့်ကလေးငယ်များ လျော့နည်းပပျောက်ရေး စီမံချက်အဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဘတ်ဂျက်မှ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကလေး(၂၀)ဦးအား ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှပ် ကျပ် (၁၀၀၀၀၀ိ/-) ဖြင့် စုစုပေါင်းကျပ် (၂၀၀၀၀၀ိ/-)အား ထောက်ပံပေးခဲ့ပြီး အာဟာရ ထောက်ပံ့ပေးမှုအဖြစ် ကလေး(၂၀)ဦးအား တစ်ဦးလျှင် ကျပ် (၁၀၀၀၀ိ/-)ဖြင့် စုစုပေါင်းကျပ် (၂၀၀၀၀၀ိ/-) ထောက်ပံ့ပေးခဲ့ကြောင်း မိသားစုထောက်ပံ့ကြေးအနေဖြင့် ကလေး၏ မိသားစုဝင် (၁၀)ဦးအား ရင်းနှီးစားသောက်နိုင်ရန် တစ်မိသားစုလျှင်ကျပ် (၂၀၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းကျပ် (၂၀၀၀၀၀၀ိ/-) ထောက်ပံ့ပေးနိုင်ခဲ့ပြီး စုစုပေါင်းကျပ် (၂၄၀၀၀၀၀ိ/-) အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖွင့်လှစ်ထားသည့် ယာယီ လေလွင့် ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးစခန်းတွင်လည်း ရောက်ရှိလာသည့် ကလေးငယ်များကို မိသားစုအခြေအနေဆန်းစစ်ခြင်း၊ မိဘ/အုပ်ထိန်းသူ ရှိသည့် ကလေးများအား ပြန်လည်အပ်နှံခြင်း၊ မိဘ အုပ်ထိန်းသူမရှိသည့် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“လမ်းပေါ်နေကလေးများအတွက် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးအနေဖြင့် နိုင်ငံတော်မှ ခွဲဝေ ချထား ပေးသည့် ငွေအပေါ်မူတည်၍ လူဦးရေထူထပ်သည့် မြို့နယ်များရှိ ကလေးများနှင့်မိသားစုများအပေါ် ဦးတည် ကာ အသိပညာပေးသည့် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုဝင်ငွေတိုး လုပ်ငန်း ဆောင်ရွက် နိုင်ရန် ထောက်ပံ့ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့အား ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါတယ်”ဟု ဦးနိုင်ငံလင်းက ဖြေကြားခဲ့သည်။