NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မြင့်တက်လာသော ဒေါ်လာဈေးနှုန်းကြောင့် ဆေးဈေးကွက်အတွင်း ယာယီအရောင်းပိတ်ခြင်းများရှိလာ

.

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။             ။ အမေရိကန်ဒေါ်လာဈေးနှုန်း ၁၆၀၀ကျပ် ၀န်းကျင်သို့ ရောက်ရှိလာသောကြောင့် ပြည်တွင်းရှိ ဆေးနှင့် ဆေးပစ္စည်း   ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာမှုများ ရှိလာပြီး   ဆေးကုမ္ပဏီအချို့၌ ယာယီအရောင်း ပိတ်လိုက်ခြင်းများ ရှိနေကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်သူများထံမှ သိရသည်။

"လက်ရှိဆေးဈေးကွက်ရဲ့အရောင်းအ၀ယ်အခြေအနေကတော့ လတ်တလောအရောင်းအ၀ယ်တွေပါးနေတယ်။ ငွေဈေးတက်တဲ့ပေါ်မှာမူတည်ပြီးတော့ အရောင်းအ၀ယ်တွေပါးနေတယ်။   ဆေးကုမ္ပဏီတချို့ကလည်း အရောင်း ပိတ်တယ်။ တချို့ကျတော့လည်း အရောင်းတော့ဖွင့်တယ်။ ၀ယ်မယ့်ပစ္စည်းတွေကို လက်ငင်းငွေချေစနစ်နဲ့ ပေးရမယ်။ အရင်ကတွဲထားတဲ့ FOC တွေ ဘာတွေတစ်ခုမှမရတော့ဘူး။ မူရင်းဆေးဈေးနှုန်းတစ်ခုအပေါ်မှာပဲ မူတည်ပြီးတော့ ၀ယ်ချင်ရင် လက်ငင်းငွေချေရမယ်ဆိုပြီးတော့ အဲဒီလိုမျိုးတွေဖြစ်နေပါတယ်" ဟု ထွန်း ဆေးမျိုးစုံ ရောင်းဝယ်ရေး၏ ပိုင်ရှင် ဦးတင်ထွန်းဦး က ပြောပြသည်။

ဆေးနှင့်ဆေးပစ္စည်းများ အသစ်ထပ်မံမ၀ယ်ယူခင်အထိ လက်ရှိဆေးများကို ဒေါ်လာဈေးတက်သည့် အပေါ် မူတည်၍ ဈေးတင်မရောင်းထားဘဲ ယခင်ဝယ်ယူထားသည့်ဈေးနှုန်းအပေါ်မူတည်ကာ ရောင်းချပေးနေသည်ဟု ဦးတင်ထွန်းဦးက ဆိုသည်။ ဆေးကုမ္ပဏီများအရောင်းရပ်ဆိုင်းမှု များပြားလာပါက ငွေကြေးလည်ပတ်မှု ကျပ်တည်းလာနိုင်ပြီး တစ်ချိန်တွင်ဈေးကွက် ရပ်တန့်သွားနိုင်ကြောင်း ၄င်းကဆိုသည်။

ပြည်တွင်းဆေးဝါးဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ၁၅၀၀ ကျပ်ခန့်မှစတင်ကာ ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ ၇.၅ ရာခိုင်နှုန်းသို့ မြင့်တက်လာပြီး လက်ရှိအချိန်တွင် ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွား သည်ကိုတွေ့ရကြောင်း ရန်ကုန်မြို့၊ ရွှေပြည့်စုံဈေးမှ ညီညီရှင်းသန့်ဆေးပစ္စည်းကုမ္ပဏီ၏ အရောင်းမန်နေဂျာ ကိုနေမင်းခန့် က ပြောပြသည်။

"အစ်ကိုတို့ဒီမှာ ငွေဈေးဆိုတာကအမြဲတမ်းပေါ့။ ၀ယ်ယူတဲ့သူမှာလည်းအခက်အခဲရှိတယ်။ ရောင်းတဲ့ သူဆီမှာလည်း အကုန်လုံးလိုလိုငွေဈေးမြင့်တဲ့အပေါ်မှာမူတည်ပြီးတော့ အခက်အခဲတွေအများကြီးရှိတယ်။ အစ်ကို့အနေနဲ့ပြောချင်တာက ငွေဈေးတည်ငြိမ်မှုရှိလို့ရှိရင် ရောင်းရ၀ယ်ရ ၀ယ်တဲ့သူအနေနဲ့ရော ရောင်းတဲ့ သူအနေနဲ့ပါ အကုန်လုံးအဆင်ပြေမယ်လို့ထင်တယ်ပေါ့။ အဲဒါကြောင့်မို့မြန်မြန်တည်ငြိမ်ပါစေလို့ပဲ စိတ်ထဲက နေပြီးတော့မျှော်လင့်တာပေါ့" ဟု ညီညီရှင်းသန့်ဆေးပစ္စည်းကုမ္ပဏီမှ အရောင်းမန်နေဂျာ ကိုနေမင်းခန့် က ပြောသည်။

အချိန်တိုအတွင်း နိုင်ငံခြားငွေရုတ်တရက်မြင့်တက်မှုများကြောင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူသုံးစွဲနေရခြင်း မဖြစ်ပေါ်လာစေရန် ပရဟိတစိတ်ဓာတ်ဖြင့် အနည်းဆုံးနှင့် အသင့်လျော်ဆုံး နှုန်းထား ဖြင့်သာ ရောင်းချခြင်းပြုပေးကြရန် မြန်မာနိုင်ငံဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းက စက်တင်ဘာလ ၂၀ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ထို့အပြင် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမဖြစ်ပေါ်စေရန် ယာယီအရောင်းရပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန်လည်း အသိပေးထားသည်။

ဗဟိုဘဏ်၏နိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာဈေးသည် စက်တင်ဘာလ ၁၄ ရက်၌ ၁၅၄၀ ကျပ်မှ စက်တင်ဘာ ၂၁ ရက်နေ့တွင် ၁၅၉၇ ကျပ်ကို ရောက်ရှိသွားကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ပြင်ပနိုင်ငံခြားငွေဈေးကွက်တွင် အမေရိကန် ၁ ဒေါ်ဘာလျှင် ၁၆၀၀ ကျပ် ၀န်းကျင်ရှိနေကြောင်း စက်တင်ဘာ ၂၁ ရက်နေ့ဈေးများအရ သိရသည်။