NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ခေတ်ဟောင်းသီချင်းများကိုပါ ဖော်ထုတ်မည့် ၂၀၁၈ တွဲလက်ခိုင်မြဲ ဂီတအနုပညာပွဲတော် ကျင်းပမည်

.

ရန်ကုန်   စက်တင်ဘာ   ၂၁ ။       ။ “ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စုကဲ့သို့သော” သီချင်းများကို ပြန်ပုံဖော်မည့် ၂၀၁၈ တွဲလက်ခိုင်မြဲ ဂီတအနုပညာ ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းအတွင်းရှိ Hexagon Complex တွင် ကျင်းပသွားမည် ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် သက်ဆိုင်သည့်ခေတ်ဟောင်းတေးသီချင်းများကိုလည်း ခေတ်သစ် အဆိုတော်များက ပြန်လည်သီဆိုသွားမည်ဖြစ်ပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပုံဖော်သည့် တေးဂီတများကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ဟု စီစဉ်သူ ရွှေသံစဉ်တီးဝိုင်း ခေါင်းဆောင် ဦးဝင်းမော်က ပြောသည်။

" ဒီအချိန်မှာက တိုင်းပြည်အခြေအနေတွေနဲ့ သမားရိုးကျစတိတ်ရှိုးလည်း မဖြစ်စေချင်ဘူး။ တိုင်းပြည်မှာ အဘက်ဘက်က ပြသနာမျိုးစုံတက်နေတယ်။ ဥပမာ ရခိုင်မှာဆိုလည်း ဖိအားတွေနဲ့ရင်ဆိုင်နေရတယ်။ တိုင်း ရင်းသားတွေ ဒေသတိုင်းမှာလည်း မငြိမ်းချမ်းဘူး။ အဲဒီတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ သိပ် အရေးကြီးတယ်လို့ ကျွန်တော်တို့အနုပညာသမားတွေကလည်း ခံယူတယ်ပေါ့။ ကိုယ်တတ်တဲ့အနုပညာနဲ့ တစ်ထောင့်တစ်နေရာကနေပေါ့။ အဓိကကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ကြရေးပေါ့။" ဟု ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် ဦးဝင်းမော်က ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ၂၀၁၈ တွဲလက်ခိုင်မြဲ ဂီတအနုပညာပွဲတော်ကျင်းပမည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

" လွန်ခဲ့တဲ့နှစ်အစိတ်လောက်က ရုပ်သံမှာကျော်ကြားခဲ့တဲ့သီချင်း “သွေးက စကားပြောသည်” ဆိုတဲ့ အကော်ဒီယံအုန်းကျော်ရေးခဲ့တဲ့သီချင်း။ သူကတော့ မရှိတော့ဘူးပေါ့၊။ သူ့သီချင်းလေးကို ဟေမာနေ၀င်း ဆိုတယ်။ တော်တော် အောင်မြင်တယ်။ ဆရာမြသန်းစံရဲ့ “ ချစ်ခြင်းတရားနဲ့ပြည်ထောင်စု” ဆိုရင်လည်း ခင်မောင်တိုး ဆိုခဲ့တယ်။ ဟေမာနေ၀င်း ဆိုခဲ့တယ်။ အခု အဲဒီနှစ်အစိတ်က သီချင်းလေးတွေကို New Version နဲ့ ဂျူးဂျူးစံက ပြန်ဆိုသွားမယ်။" ဟု ရွှေ သံစဉ်တီးဝိုင်းခေါင်းဆောင် ဦးဝင်းမော်က ပြောသည်။

“ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စုကဲ့သို့သော” အဆိုပါသီချင်းများသည် ယခင်ခေတ်က  နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အမြဲပြသတတ်သည့် သီချင်းများထဲတွင် ပါဝင်သည်။

၂၀၁၈ တွဲလက်ခိုင်မြဲ ဂီတအနုပညာပွဲတော်တွင် နာမည်ကျော်ခေတ်ဟောင်းအဆိုတော်များနှင့် ခေတ်သစ် အဆိုတော်များ ၂၀ ကျော် ပါဝင်နိုင်ရန် စီစဉ်နေပြီး ရုပ်ရှင်သရုပ်ဆောင်များလည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

သီချင်းဖျော်ဖြေပွဲအပြင် ပန်းချီ ကာတွန်းပြခန်းများ၊ စာအုပ်ဈေးတန်းများ၊ ရေးသူဖတ်သူဆွေးနွေးခန်းများအပြင် ရုပ်ရှင်နမူနာ ပြသခန်းများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ဝင်ခွင့်လက်မှတ်များကို အွန်လိုင်းမှ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။