ခြိမ်းခြောက်စေခိုင်းခဲ့သူက မြင့်ဆွေဟု ဦးကိုနီအား လုပ်ကြံခဲ့သူ ကြည်လင်းပြော

.

ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။         ။ ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံရန်အတွက် ခြိမ်းခြောက်စေခိုင်းခဲ့သူမှာ မြင့်ဆွေ ဖြစ်ကြောင်း ဦးကြည်လင်းက မီဒီယာများအား ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်၊ ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ၃ ဦးကို ၇၈ ကြိမ် မြောက်ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေများအဖြစ် ဦးအောင်ဝင်းဇော်၏ သားဖြစ်သူနှင့် ၎င်း၏ အိမ်နီးချင်း ဖြစ်သူ ၂ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးအပြီး တရားခွင်မှအထွက် အချုပ်ကားပေါ်သို့ ရောက်ရှိချိန်တွင် ဦးကိုနီအား လုပ်ကြံခဲ့သူ ကြည်လင်းက ၎င်းအား ထိုသို့လုပ်ကြံရန် အဓိက ခြိမ်းခြောက်ခိုင်းစေသူမှာ မြင့်ဆွေဖြစ်ကြောင်း မီဒီယာများ မေးမြန်းမှုကို ပြောခဲ့ခြင်းဖြစ်သည်။

“ မြင့်ဆွေ ဓာတ်ပုံက ပြထားပြီးသားပါ။ မြင့်ဆွေက မန္တလေးက။ သူက မဲဆောက်မှာ မိန်းမယူပြီးတော့ နေတာပါ။ ကျွန်တော်ကို ခြိမ်းခြောက်ပြီး စေခိုင်းသူပေါ့ဗျ”ဟု ဦးကြည်လင်းက ပြောဆိုသွားခဲ့သည်။ ယင်းအမှုကို စစ်ဆေးခဲ့သည်မှာ ၁ နှစ်ခွဲခန့်ထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါ တစ်နှစ်ခွဲအတွင်း ရုံးချိန်းတိုင်း မီဒီယာများက လုပ်ကြံမှုနှင့် ပတ်သက်ပြီး ဦးကြည်လင်းက မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိဘဲ ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ ၇၈ ကြိမ်မြောက်ရုံးချိန်းတွင် ပထမဆုံးအကြိမ် ဖြေဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က တရားခွင်အတွင်းစစ်ဆေးချက်အရ မြင့်ဆွေက ခြိမ်းခြောက်ခိုင်းစေမှု ကြောင့် ဦးကိုနီအား သတ်ခဲ့ရခြင်းဖြစ်သည်ဟု ဦးကြည်လင်း၏ ထွက်ဆိုမှုများရှိခဲ့ပြီး ခိုင်းစေမှုအား ငြင်းဆိုခဲ့သော်လည်း သူနှင့် သူ့ မိသားစု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခိုင်းစေလာသည့်အတွက် ကြောက်ကြောက်နှင့် လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်၊ ၆၃ ကြိမ်မြောက်ရုံးချိန်းတွင် ကြည်လင်းအား ဖမ်းဆီးရာတွင် သေဆုံးခဲ့သည့် အငှါးယာဉ်မောင်း ကိုနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ဦးကြည်လင်းအား စေခိုင်းခဲ့သည့် မြင့်ဆွေဆိုသူမှာ လက်ရှိ အမှုတွဲတွင် ပါဝင်သည့် အောင်ဝင်း ဇော်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့မှုများလည်းရှိသည်။

"သူတို့ ကြည်လင်းနဲ့ ကွင်းဆက်ရှိနေတယ်။ မြင့်ဆွေဆိုတာလည်း တခြားမဟုတ်ဘူး။ အောင်ဝင်းဇော်ပဲ။ ရှာလို့မရနိုင်တဲ့သူ လက်ညှိုးထိုးပြီးတော့ ဟိုမှာသေသွားပြီ။ ဒီမှာသေသွားပြီနဲ့။ တကယ်တမ်းက သူတို့က နာမည်ဝှက်တွေနဲ့ ကစားကြတာ။ နာမည်ဝှက်တွေနဲ့ သူတို့အလုပ်လုပ်ကြတာ"ဟု ဦးရောဘတ်စန်းအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြင့်ဆွေမှာ မန္တလေးသားဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်တွင် နေထိုင်ကာ ကြည်လင်းနှင့် အသက်၂၅ နှစ်အရွယ် ကတည်းက ခင်မင်သူဖြစ်ကြောင်း ဦးကြည်လင်းက တရားခွင်အတွင်း ထွက်ဆိုခဲ့ချက်အရ သိရသည်။

မြင့်ဆွေက ကြည်လင်းအား လေဆိပ်သို့ ဖုန်းဆက်ချိန်းဆိုပြီး ဖုန်းထဲမှ ဦးကိုနီ ဓာတ်ပုံအားထုတ်ပြကာ ဦးခေါင်းအား သေနတ်ဖြင့်အနီးကပ်ပစ်သတ်ရန်ခိုင်းစေခဲ့ကြောင်း ကြည်လင်းက ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ရုံးချိန်းက တရားခွင်အတွင်းထွက်ဆိုခဲ့ခြင်းဖြစ်သည်။