NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရွိုင်ရယ်တည်းခိုခန်း လူသတ်မှုမှ သံသယရှိသော အမျိုးသမီးကို ဖမ်းမိ

.

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။          ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ ရွိုင်ရယ်တည်းခိုခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် သံသယရှိသော အမျိုးသမီးကို စက်တင်ဘာ ၂၁ ရက်နေ့က ဖမ်းမိပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်ကမဇ္စျိမသို့အတည်ပြုပြောသည်။

“ ဖမ်းမိပါပြီခင်ဗျ။ အခုရမန်ယူဖို့တရားရုံးရောက်နေပါတယ်”ဟု စခန်းမှူးကဆိုသည်။

သံသယရှိနေသော အမျိုးသမီးကို ဒေါပုံမြို့နယ်ရှိ အဆိုပါအမျိုးသမီး၏ အမေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမှုအတွက် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်ဈေးအနီးရှိ ရွိုင်ရယ်တည်းခိုခန်း လေးလွှာတွင် စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးနှင့် လာရောက်တည်းခိုသည့် အမျိုးသားတစ်ဦးမှာ အခန်းအတွင်း၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး နေခဲ့ခြင်းဖြစ်သည်။

အခန်းအတွင်း၌ သေဆုံးနေသည့်အမျိုးသားသည် ရင်ညွန့်နှင့်ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေပြီး ရုပ်အလောင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေး၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ အသတ်ခံရသည့် အမျိုးသားနှင့်အတူ တည်းခိုခန်းသို့ လာရောက်ခဲ့သည့် အမျိုးသမီး၏ ဓာတ်ပုံများကို CCTV မှတ်တမ်းများမှ ရရှိထားပြီး ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးနေသော အသက် ၃၂ နှစ်အရွယ် အမျိုးသားသည် ခရမ်းမြို့နယ်၊ (၁၁) ရပ်ကွက် အနော်ရထာလမ်းတွင် နေထိုင်သူဖြစ်ပြီး မြဝတီမြို့တွင် အီကြာကွေးရောင်းနေသူဖြစ်ကြောင်း၊ ၎င်းတွင် ဇနီးနှင့် သားသမီးရှိပြီး အဖမ်း ခံရသော အမျိုးသမီးကို သေဆုံးသူအမျိုးသားမှ လူပျိုဟုလီဆယ်ပြောဆိုကာ Viber မှတစ်ဆင့် ချစ်ကြိုက် ပေါင်းသင်းခဲ့ပြီး မြဝတီသို့ ခေါ်ဆောင်၍   နေအိမ်တစ်အိမ်တွင် ပစ်ထားခဲ့ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရိုင်ရယ်တည်းခိုခန်းသို့ အဆိုပါ အမျိုးသားကိုခေါ်ဆောင်ပြီး အခန်းထဲတွင် ဓားဖြင့် ထိုးသတ် ခဲ့ကြောင်း အမျိုးသမီးက ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါအမှုကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။