NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဧရာဝတီတိုင်းအတွင်း ဘီးခွန်ကောက်ခံရေးလုပ်ငန်းကို ကညနနှင့် စည်ပင် ပူးပေါင်းဆောင်ရွက်မည်

.

ပုသိမ်၊ စက်တင်ဘာ ၂၀ ။                 ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘီးခွန်ကောက်ခံရေးဂိတ်များ ဖျက်သိမ်းခဲ့သော်လည်း ကညန နှင့် စည်ပင်ပူးပေါင်း၍ ဘီးခွန် ကောက်ခံခြင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် ကမဇ္ဈိမသို့ ပြောသည်။

“တစ်တိုင်းလုံးမှာ လိုင်စင်ရယူဆောင်ရွက်နေတယ် ယာဉ်တွေ စာရင်းကိုရပါတယ်။ အဲဒီယာဉ်တွေကို ကျွန်တော်တို့ စည်ပင်သာယာကနေ ဘီးခွန်တွေကိုကောက်ခံသွားမှာဖြစ်ပါတယ်။ ကောက်ခံတဲ့ နေရာမှာ ကုန်လမ်းပို့ ဆောင်ရေးညွန်ကြားမှုဦးစီးဌာနနှင့်ပေါင်းစပ်ပြီး က.ည.နမှာ လိုင်စင်သက်တမ်း တိုးတာပဲ ဖြစ်ဖြစ် လိုင်စင်အသစ် လာဆောင်တာပဲဖြစ်ဖြစ် ၊စည်ပင်သာယာကို ဘီးခွန်ဆောင်ပြီးတဲ့ အထောက်အထားပါမှ လိုင်စင် လဲပေးတာတို့ လိုင်စင်သစ်ထုတ်ပေးတာတို့ ဆောင်ရွက်ဖို့ ညှိထားပြီးဖြစ်တယ်”ဟု ဦးကျော်မြင့်က ပြောသည်။

ထိုသို့ ဘီးခွန်ကောက်ခံရေးလုပ်ငန်းမှ ရရှိမည့်ငွေပမာဏသည် မြို့ဝင်ဘီးကောက်စခန်းများဖွင့်၍ လေလံ ပေးကာကောက်ခံခဲ့သော ငွေထက် ၀င်ငွေပိုမို ရရှိနိုင်ပြီး ကောက်ခံရရှိသည့် ငွေများကို သက်ဆိုင်ရာ မြို့များသို့ ခွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ဝင်ဘီးခွန်ကောက်ခံနေမှုအား အောက်တိုဘာလ ၁ ရက်နေ့ မှစတင်ကာ ရပ်နားသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော် ယာဉ်များ၏ လိုင်စင် သက်တမ်းတိုးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ဘီးခွန်ပေးဆောင် ပြီးမှသာ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရုံးတွင် လိုင်စင်သက်တိုးရန် ထုတ်ပြန်ထားသည်။

ပြောင်းလဲလိုက်သော စီမံချက်အရ မော်တော်ဆိုင်ကယ်တစ်စီးလျှင် တစ်နှစ်လျှင် ၂၅၀၀ကျပ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ၊ ချယ်ဂါလီ တစ်စီးလျှင် ၄၅၀၀ကျပ် ၊ဆလွန်ကား ၁တန်အောက်ယာဉ်တစ်စီး ၁၂၀၀၀ကျပ်၊ကုန်တင် ယာဉ် ၁တန် မှ ၃တန် အထိ တစ်စီးလျှင် ၁၅၀၀၀ကျပ် ၊ခရီးသည်တင်ယာဉ်တစ်စီးလျှင် ၂၀၀၀၀ကျပ်နှင့် ကုန် တင်ယာဉ် ၅တန် အထက် တစ်စီးလျှင် ၂၅၀၀၀ကျပ် အား စည်ပင်သာယာရေးကော်မတီများသို့  ပေးဆောင် ရမည်ဖြစ်သည်။