NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အိန္ဒိယမှာ လေယာဉ်တွင်း လေဖိအားထိန်း ခလုတ်ကို လှည့်ဖို့ မေ့သွားလို့ ခရီးသည် ၃၀ ကျော် နားနဲ့ နှာခေါင်းတွေကနေ သွေးယိုထွက်မှု ဖြစ်ပွား

.

နယူးဒေလီ၊ စက်တင်ဘာ ၂၀ ။           ။ အိန္ဒိယ ခရီးသည်တင်လေယာဉ်တစ်စီးမှာ အမှုထမ်းဖြစ်သူက လေယာဉ်ကိုယ်ထည်အတွင်း လေဖိအားထိန်းခလုတ်ကို လှည့်ဖို့ မေ့သွားတာကြောင့် ခရီးသည် ၃၀ ကျော်ထက်မနည်းဟာ နှာခေါင်းနဲ့ နားတွေက သွေးယိုစိမ့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ရပါတယ်။

ဂျေပူရ်သို့ ဦးတည်တဲ့ Jet Airways က ဒီ လေယာဉ်ဟာ ကိုယ်ထည်တွင်း လေဖိအား မရှိဖြစ်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရကြောင်း လေကြောင်းလိုင်းက ပြောပြီး လေယာဉ်ပေါ်က ခရီးသည်တွေခမျာ ကြောက်လန့်တကြား ဖြစ်ခဲ့ရတယ်လို့ ဖြည့်စွက်ဆိုပါတယ်။

ခရီးသည် ၁၆၆ ဦး တင်ဆောင်သွားတဲ့ ဒီလေယာဉ်ဟာ မွမ်ဘိုင်းလေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ရပြီး ထိခိုက်မှုဖြစ်သူတွေကို ဆေးဝါးကုသပြုစုပေးကာ အခြားလေယာဉ်တွေနဲ့ ခရီးစဉ်ကို ပြောင်းလဲစီစဉ်ပေးခဲ့ရတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

မေ့လျော့တယ်ဆိုတဲ့ လေယာဉ်အမှုထမ်းကိုလည်း စီစဉ်ထားတဲ့ တာဝန်တွေ ဆိုင်းငံ့လိုက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်မယ်လို့လည်း လေကြောင်းလိုင်းကုမ္ပဏီက ပြောပါတယ်။

ဒီလေယာဉ်ပေါ် လိုက်ပါလာကြတဲ့ ခရီးသည်တွေဟာ သူတို့ကြုံနေရတဲ့ ဒုက္ခဘေးကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ပြီး အွန်လိုင်းပေါ် တင်ကြရာမှာ ခရီးသည်တစ်ဦးဖြစ်တဲ့ ဒါရှက်ဟက်သီက ခရီးသည်တွေ လေယာဉ်ပေါ်မှာ အောက်ဆီဂျင်မျက်နှာဖုံးတွေ တပ်ဆင်ထားရပုံ ဗီဒီယိုကို တွစ်တာပေါ် တင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ခရီးသည်တွေအားလုံးဟာ ကြောက်လန့်တကြားဖြစ်နေကြတယ်။ အောက်ဆီဂျင်မျက်နှာဖုံးတွေ ချက်ချင်း ပြုတ်ကျလာတော့ ခရီးသည်တစ်ဦးက အနောက်ဖက်ကနေ အပြေးအလွှားလာပြီး အားလုံးပဲ အောက်ဆီဂျင်မျက်နှာဖုံးတွေ တပ်ထားဖို့ တိုက်တွန်းပြောဆိုတယ်။”လို့ ဒါရှက်က NDTV နဲ့ အင်တာဗျူးမှာ ဖြေသွားပါတယ်။