NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဒေသခံ ၂၀၀၀ ကျော်ပြောင်းရွှေ့နေသော်လည်း ဘွက်ကြီးဆည် စိုးရိမ်စရာမရှိဟု ဆို

.

မကွေး၊ စက်တင်ဘာ ၂၀ ။         ။ ဒေသခံ ၂၀၀၀ ကျော်က တာတမံကျိုးကျမည်ကို စိုးရိမ်၍ ပြောင်းရွှေ့နေကြသော်လည်း ဘွက်ကြီးဆည် မြေသားတမံအောက်ပိုင်း နိမ့်ကျွံခဲ့မှုသည် စိုးရိမ်စရာမရှိကြောင်း မြို့နယ်ဆည်မြောင်းဌာနတာဝန်ရှိသူများက  ဆိုသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည် မြေနိမ့်ကျွံမှုကို ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ က ဆည်မြောင်းဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်လွင်ထွန်းနှင့် တာဝန်ရှိသူများ၊ အောင်လံမြို့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခု မြေသားနိမ့်ကျွံမှု ဖြစ်ပွားသောနေရာသည် ယခင် သဘာဝကုန်းတန်းပေါ်မှာ ဖြစ်ခြင်းကြောင့် အလွန်အမင်း စိုးရိမ်စရာ အခြေအနေမရှိကြောင်း  မြို့နယ်ဆည်မြောင်းဌာနတာဝန်ရှိသူများက  ဆိုသည်။

“ လက်ရှိမြေသားနိမ့်ကျွံမှုဖြစ်နေတဲ့နေရာတွေကို မိုးရေဝင်ရောက်မှု မရှိအောင် ကာကွယ်တာတွေ၊ လုပ်ဆောင် ထားပြီး မိုးရာသီကုန် ပွင့်လင်းရာသီ ရောက်ရင်တော့ အကြီးစားပြင်ဆင်မှုတွေ လုပ်မယ်၊ လက်ရှိလုပ်နေတဲ့ ယာယီမြေသားတာဘောင် ထောက်ကန်ထားတဲ့နေရာမှာလည်း ခိုင်ခံ့တဲ့ကွန်ကရစ်နဲ့ ထပ်မံပြုလုပ်မယ် ” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လွင်ထွန်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က အောင်လံမြို့နယ်ထဲရှိ ဘွက်ကြီးဆည် အနောက်ဘက်ခြမ်း မြေသား တာဘောင် အောက်ဖက်ဆင်ခြေလျောမှာ အလျား အရှည် ပေ ၁၀၀ ကျော်နှင့် အနံ အကျယ် ပေ ၅၀ ခန့်သည် အောက်ဘက်ကို ၄ ပေခန့် နိမ့်ကျွံသွားမှု ဖြစ်ပွားခဲ့သည်။  ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လည်း ပထမအကြိမ် မြေကျွံခဲ့သည့်နေရာ၏အထက်ပိုင်းတွင် ပေ ၆၀ ကျော်အရှည် မြေသားထုမှာ အောက်ကို ၁ ပေ ခန့် နိမ့်ကျမှုဖြစ်ပွားခဲ့ပြီး နောက်ရက်များတွင် ၃ ပေခန့် အထိ ထပ်မံနိမ့်ကျခဲ့ကြောင်း သိရသည်။

ထိုသို့ စိုးရိမ်စရာမရှိကြောင်း ဆည်မြောင်းဘက်မှ ပြောဆိုနေသော်လည်း “ ဆည်အောက်ပိုင်းရှိ မောင်းမလှုပ်၊ တံခွန်တိုင် စတဲ့ ကျေးရွာ ရှစ်ရွာမှ ဒေသခံ နှစ်ထောင်ကျော်က ဆည်ကျိုးကျမှာ စိုးရိမ်တဲ့အတွက် ကုန်းမြင့် နေရာတွေမှာ ရွှေ့ပြောင်းနေကြတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောသည်။

ဒေသခံများဖက်က တာတမံ စိုးရိမ်စရာ မရှိပါက ပွင့်ပွင့်လင်းလင်း ပြောဆိုစေလိုကြောင်း ဆိုသည်။

“ မိုးရွာတိုင်း ကြောက်နေရတာ တာဝန်ရှိသူတွေက ဆည်အခြေအနေကို သေချာတိကျအောင် ဒေသခံ ပြည်သူတွေကို ပြောပြစေချင်ပါတယ်၊ လူတွေက ရွှေ့ပြောင်းနေကြရတော့ ခြွေလှေ့စက်ငှားပြီး မြေပဲ လုပ်နေရတယ်။ ကြောက်လန့်လန့်နဲ့ ပြောင်းခင်း ချိုးနေရ ၊ တဲစောင့်လောက်ပဲ နေပြီး အမြင့်ပိုင်းတွေ ရွှေ့နေရတယ်၊ ကလေးတွေလည်း ကျောင်းမတက်နိင်၊ သတိထားနေရတာ ရင်မောတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ဆည်မြောင်းဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လွင်ထွန်းက “ ဘွက်ကြီးဆည် မြေသားတမံအောက်ပိုင်း နိမ့်ကျွံမှုဖြစ်ပွားနေတဲ့နေရာမှာ ထပ်မံနိမ့်ကျွံမှု မဖြစ်စေဖို့အတွက် တမံလျောစောင်း အောက်ခြေမှာ မြေသားထောက်ကန်ဖို့ တာဘောင်တစ်ခုပြုလုပ်နေပြီ” ဟု ပြောသည်။

ဘွက်ကြီးဆည် မြေသားတာဘောင် ထပ်မံဖို့နေပြီး မိုးကုန်ပါက ကွန်ကရစ်တာဘောင်ပြုလုပ်သွားမည်ဟု ဆိုသည်။