NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရှစ်လေးလုံးသည် အရေးအခင်းမဟုတ် အရေးတော်ပုံသာ ဖြစ်သည်ဟု ဆို

.

ဓာတ်ပုံ - သူရ

ရန်ကုန် စက်တင်ဘာ ၁၉ ။                    ။ ရှစ်လေးလုံးသည် အရေးအခင်း မဟုတ်၊ အရေးတော်ပုံဖြစ်သည် ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက မဇ္ဈိမသို့ ပြောဆိုလိုက်သည်။

"စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အာဏာသိမ်းစစ်အစိုးရကနေပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံနဲ့ပတ်သက်ပြီး တောက်လျှောက်အရေးအခင်း၊ ဆူပူမှု အဲဒီလိုပဲသုံးတယ် သူတို့က။ အဲဒါကို ကျွန်တော်တို့ဘက်ကလည်း အခွင့်သာရင် ပြန်တုံ့ပြန်လေ့ရှိတယ်။ ဒါ အရေးအခင်း မဟုတ်ဘူး၊ အရေးတော်ပုံ။ ပြည်သူတွေက သူတို့ရဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တရားသဖြင့် ငြိမ်းချမ်းစွာတောင်းဆိုတာ။ ဒါကို အကြမ်းဖက်နှိမ်နင်းတာ။ တကယ်တမ်း အကြမ်းဖက်ခံရတာက ပြည်သူတွေ" ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ရွှေညဝါပညာဗိမာန်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးခဲ့သည့်သူများ အနှစ် ၃၀ ပြည့် အမှတ်တရ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးခဲ့သည့် မဝင်းမော်ဦးအပါအဝင် ကိုသန်းဌေး၊ ကိုတင်ထွန်းတို့အား ရည်စူး၍ နှစ် ၃၀ ပြည့် အမှတ်တရအခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ကျင်းပခဲ့ကာ သံဃာတော်များအား သင်္ကန်းကပ်လှူခြင်းနှင့် ရေစက်ချ အမျှဝေခြင်းများလည်း ပြုလုပ်ခဲ့သည်။

" တကယ်တမ်း ဒီကလေးတွေ အနေအထားကတော့ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး။ သူတို့မိသားစုအတွက်လည်း မဟုတ်ဘူး။ ဒီနိုင်ငံက ရဟန်းရှင်လူပြည်သူလူထုကိုယ်စား လိုလားချက်တွေကို တောင်းဆိုခဲ့ကြတာပါ။" ဟု မဝင်းမော်ဦး၏ဖခင် ဦးဝင်းကြူက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်က မြ၀တီရုပ်သံတွင် ၈၈ ကာလပုံရိပ်များနှင့်ပတ်သက်ပြီး “ လှိုင်းကြီးလေထန်” ကာလများဆိုပြီး  ဖော်ပြနေမှုများအပေါ်  "ထူးထူးခြားခြား မနေ့( စက်တင်ဘာ ၁၈ ရက်) တုန်းက မြ၀တီ ကနေပြီးတော့ သူတို့ ဘာဖြစ်လို့ အာဏာသိမ်းရသလဲဆိုတာကို ဟိုက်လိုက် ပြန်လုပ်တာပေါ့နော်၊ ရှစ်လေးလုံးအရေးအခင်းတုန်းက ခေါင်းဖြတ်တဲ့ ကိစ္စတွေ၊ ဂိုထောင်ဖောက်တဲ့ကိစ္စတွေ ဆူပူအကြမ်းဖက် တဲ့ကိစ္စတွေကို သူတို့က ဟိုက်လိုက်လုပ်တာ။ အဲဒီလိုဖြစ်ရတာက အကြောင်းတရားတွေရှိတယ်။ ဘာဖြစ်လို့ လူထုတွေက ဒီအဆင့်ရောက်သွားသလဲ၊ ကောလဟာလမျိုးစုံတွေ လွှင့်ပြီးတော့ မသမာသောနည်းလမ်း တွေသုံးပြီး လှုံ့ဆော်တယ်။ ဆေးတွေသုံးတယ်။ လူထုတွေက ကြောက်လန့်နေတဲ့အခါကျတော့ လက်ဦးမှု ယူကြတဲ့သဘော။" ဟု ၈၈မျိုးဆက် ဦးမင်းဇေယျာ က မှတ်ချက်စကားဆိုသည်။

အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ဦးဂျင်မီ၊ ဦးမင်းဇေယျတို့ကလည်း အမှတ်တရ စကား ပြောခဲ့ကြပြီး ကျဆုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အလှူငွေလှူဒါန်းခြင်းနှင့် ကျန် ရစ်သူ မိသားစုများကိုယ်စား မဝင်းမော်ဦး၏ဖခင် ဦးဝင်းကြူက အမှာစကား ပြောခဲ့သည်။ အခမ်းအနားကို ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ကျန်ရစ်သူ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။