NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အဖရခိုင်ပါတီအစား ရခိုင်ဦးဆောင်ပါတီဟု မှတ်ပုံတင်ရန် ဒေါက်တာအေးမောင်ဆုံးဖြတ်

.

စက်တင်ဘာလ ၁၉ ရက်။                           ။ အဖရခိုင်ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်မရသော ရခိုင်နိုင်ငံရေးပါတီသစ်ကို “ရခိုင်ဦးဆောင်ပါတီ”ဟု အမည်ပြောင်းလဲ တင်ပြရန် အတည်ပြု သတ်မှတ်ထားပြီဖြစ်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူများက ပြောသည်။

ယခင်တည်ထောင်ခွင့် လျှောက်ထားသော အဖရခိုင်ပါတီတွင် “အဖ”ဟူသော အသုံးအနှုန်းပါရှိသည့်အတွက် အခြား အမည်တစ်ခုကို ပြောင်းလဲပေးရန် သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီ တာဝန်ရှိသူများကို သီးသန့်ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပါတီအတွင်း ညှိနှိုင်းကာ ရခိုင်ဦးဆောင်ပါတီဟု အမည်ပြောင်းလဲရန် အတည်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းအမည်ကို ယခု စက်တင်ဘာလ အကုန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည်ဟု အဆိုပါ ပါတီ၏ တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။

“ကျနော်တို့ ပါတီကို ဒေါက်တာပြောတဲ့အတိုင်း ရခိုင်ဦးဆောင်ပါတီအမည်ပြောင်းဖို့ အတည်ပြုလိုက်ပါပြီ။ ဒီလ ကုန်လောက်ဆို ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ ကော်မရှင်က လက်ခံဖို့ မခံဖို့ဘဲ ရှိပြီလေ။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပါတီတည်ထောင်ခွင့် လျှောက်ထားသူ စာရင်းတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဖမ်းဆီးခံနေရသည့် ဒေါက်တာအေးမောင် အမည်မပါဝင်သော်လည်း ယင်းပါတီမှာ သူတည်ထောင်သည့် ပါတီဖြစ်သည်ဟု ဒေါက်တာ အေးမောင်က စက်တင်ဘာလ ၁၄ ရက်နေ့ ရုံးထုတ်အပြန်တွင် သတင်းထောက်များကို ပြောခဲ့သည်။

အဖရခိုင်ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်ကိုမူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယသီတင်းပတ်တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံ လျှောက်လွှာတင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။