မြောက်ကိုရီးယား၏ အဓိက ဒုံးကျည် စမ်းသပ်ပစ်လွှတ်သည့် နေရာကို ပိတ်သိမ်းရန် သဘောတူ

.

စက်တင်ဘာ ၁၉ ။              ။ မြောက်ကိုရီးယားတို့ရဲ့ အဓိက ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ တည်နေရာစခန်းများအနက်မှ တစ်ခုကို ပိတ်သိမ်းရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြုံယမ်းမှာ နှစ်ဘက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီး နျူကလီးယားဖျက်သိမ်းရေး ရည်မှန်းချက် အောင်မြင်နိုင်ရေး နည်းလမ်းတစ်ခုနဲ့ပတ်သက်လို့ သဘောတူညီနိုင်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာလည်း သိပ်မကြာခင်မှာ တောင်ကိုရီးယားနိုင်ငံဆီကို သမိုင်းဝင် ခရီးလာရောက်ဖို့ ရှိတယ်လို့လည်း ၎င်းက ပြောပါတယ်။ ထူးခြားအခြေအနေတွေ မရှိရင် ယင်းခရီးစဉ်ကတော့ ယခုနှစ်ထဲမှာ ဖြစ်လာနိုင်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ စက်တင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားကို ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိလာခဲ့ပြီး ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၎င်းတို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ရရှိခဲ့တဲ့ သဘောတူညီချက်အရ မြောက်ကိုရီးယားတို့အနေနဲ့ Tongchang-ri ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရာ နေရာကို အပြီးတိုင် ပိတ်သိမ်းသွားဖို့ ရှိနေပြီး သက်ဆိုင်ရာနိုင်ငံတွေက ကျွမ်းကျင်သူတွေကိုပါ ဖိတ်ခေါ်ပြီး ၎င်းတို့ရဲ့ ရှေ့မှောက်မှာပဲ ယင်းပိတ်သိမ်းမှုကို လုပ်ဆောင်သွားဖို့ သဘောတူထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။