NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပြည်သူ့အင်အားအသုံးချပြီး အနိုင်ယူခဲ့သည်ဟုဆိုကာ အာမခံ ရုပ်သိမ်းရန် လျှောက်ထားဟု ဆို

.

တရားစွဲဆိုခံထားရသော အလယ်တန်းပြဆရာ ဦးမြင့်သိန်းအား ဖျာပုံခရိုင်တရားရုံးလာရောက်သည်ကိုတွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာလ ၁၈ ။          ။ဒေးဒရဲမြို့နယ်တွင် ကျောင်းမြေကိစ္စဖြင့် တရားစွဲဆိုခံထားရသည့် လေးကျေးရွာ၊ အထကခွဲမှ အလယ်တန်းပြ ဆရာ ဦးမြင့်သိန်းနှင့်   ကျောင်းအကျိုးတော်ဆောင် ဦးခင်စိန်တို့ အာမခံရရှိခဲ့မှုအပေါ် “ ပြည်သူ့အင်အား အသုံးချပြီး တရားရုံးတွင် အနိုင်ယူခဲ့သည်” ဟု ဆိုကာ အာမခံ ပြန်ရုပ်သိမ်းပေးရန် တရားလိုဘက်မှ ပြင်ဆင်မှုလျှောက်ထားခဲ့သည်ဟု တရားလိုရှေ့နေ ဦးတင်ဖေဦးက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့၊ ဖျာပုံခရိုင်တရားရုံးတွင် နှစ်ဖက်လျှောက်လဲချက် အပြီးသတ်ကြားနာခဲ့ကြကာ ယင်းပြင်ဆင်မှုအား တရားလိုဘက်မှ ပြီးခဲ့သည့် သြဂုတ်လ ၂ဝ ရက်နေ့တွင် တင်ခဲ့ခြင်းဖြစ်သည်။

“ ဒီဆရာနဲ့ ဟိုဟာ(ကျောင်းအကျိုးတော်ဆောင်) တို့ကို ပြန်ချုပ်ပါဆိုတဲ့ ရည်ရွယ်ချက်လည်း မရှိဘူး။ အဲ့ဒီ ပြည်သူ့အင်အား( Public Power) ကို သွားအလေးထားမယ်ဆိုရင် တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေက ပျက်သွားတတ်တယ်။ ပျက်သွားခဲ့ရင် ပြည်သူ့အင်အားရဲ့ ဖိအားပေးမှုကို ခံပြီးတော့ တရားရုံးရဲ့ကျင့်စဉ်တွေက ပျက်သွားတတ်တယ်။ အဲ့ဒီလိုပျက်သွားတာကို ကျွန်တော်တို့က မဖြစ်စေချင်လို့။ နောင် ဒါမျိုးတွေ ဖြစ်လာခဲ့ရင် လည်း အများကနေ ဆန္ဒပြလိုက်ရင် ဆုံးဖြတ်ချက်တွေ ပြောင်သွားတာမဖြစ်စေချင်လို့သာ ကျွန်တော်တို့က ပြင်ဆင်မှုတက်တာ ” ဟု တရားလိုဖြစ်သူ ဦးခင်လတ်ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးတင်ဖေဦးက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပညာရေးဌာန၏ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ အလယ်တန်းပြဆရာ ဦးမြင့်သိန်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်စိန်တို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့မှုအပေါ် သြဂုတ်လ ၁၂ ရက်နေ့တွင် ပညာရေးဝန်ထမ်းများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဒေသခံ ၄ဝဝ နီးပါးက ဒေးဒရဲမြို့နယ် အတွင်း ဆန္ဒပြခဲ့ကြပြီးနောက် တစ်ဦးလျှင် ကျပ်သိန်း ၃ဝဝ ဖြင့် ၄ ဦးကို စုစုပေါင်း ကျပ်သိန်း ၁၂ဝဝ ဖြင့် အချုပ်လွတ်အာမခံပေးခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့ အာမခံပေးမှုအပေါ် ပြည်သူ့အင်အားအသုံးချပြီး တရားရုံးတွင် အနိုင်ယူခဲ့သည်ဟုဆိုကာ အာမခံပြန်လည်ရုပ်သိမ်းပေးရန် တရားလိုဘက်မှ ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

“ သူတို့ဘက်က လျှောက်ထားတာတော့ ဒီ ပြည်သူ့အင်အား( Public Power)ကိုအသုံးချပြီးတော့ တရားရုံး ကနေ အမိန့်ချတယ်ဆိုတဲ့ဟာကို သူတို့ဘက်က အဓိကတင်ပြသွားတယ်။ ပြည်သူ့အင်အား( Public Power)ကို လူတိုင်းသုံးလို့ရရင် သုံးကြမှာပေါ့။ ပြည်သူ့အင်အားဆိုတာက သုံးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သူ့တို့ ရင်ထဲက ဖြစ်လာတဲ့ ကိစ္စပေါ်မှာ သူတို့ဘာသာသူတို့ ထပြီး သူ့တို့ ဆန္ဒကို ပြတဲ့သဘော။ ဒီစွပ်စွဲခံရသူ ဘက်က နေပြီးတော့ ဒီ ပြည်သူ့အင်အားကို သုံးမယ်။ နေ့စားခတွေ ပေးမယ်။ အဲ့ဒီလိုပေးပြီးတော့ ခေါ်လာတဲ့အကြောင်း အခုချိန်ထိလည်း မပေါ်ပေါက်ဘူး။ အဲ့ဒါကြောင့် ပြည်သူ့အင်အား( Public Power)ကို စွပ်စွဲခံရသူတွေက သုံးစွဲခဲ့ တာမရှိဘူး။ ပြည်သူက သူဆန္ဒအရ သူဖြစ်လာတဲ့ကိစ္စပဲ။ တရားရုံးကလည်း ဒီအပေါ်မှာ ပြည်သူ့အင်အား အပေါ်မှာ အမိန့်ချပေးထားတာမရှိဘူး ” ဟု စွပ်စွဲခံရသူ အလယ်တန်းပြဆရာအပါ နှစ်ဦးဘက်မှ လိုက်ပါဆောင် ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်လွင်က ပြောသည်။

စွပ်စွဲခံသူနှစ်ဦး မြို့နယ်တရားရုံးမှ အချုပ်လွတ်အာမခံပေးခဲ့ခြင်းမှာ ကျင့်ထုံးဥပဒေ- ၄၉၇၁ အရ ပေးခွင့်ရှိသည့် ဥပဒေအရ ပေးခဲ့ခြင်းသာဖြစ်ပြီး ပညာရေးဝန်ထမ်းများ အပါအဝင်ဆန္ဒပြခဲ့သည်ကို တရားလိုဘက်မှ ရည်ညွန်း ပြောဆိုသော ပြည်သူ့အင်အား( Public Power)နှင့် သက်ဆိုင်မှုမရှိကြောင်း ဦးခင်မောင်လွင်က ချေပပြောဆိုခဲ့သည်။

အလယ်တန်းပြဆရာ ဦးမြင့်သိန်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်စိန်တို့ကို အာမခံပေးရန် လျှောက်ထား ခဲ့စဉ်က ၎င်းတို့နှစ်ဦးမှာ ကျန်းမာရေးမကောင်းသည့်အတွက် အာမခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တရားလိုဘက်မှ ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်းအကြောင်းနှင့်ပတ်သက်ပြီး “ ဒေးဒရဲမြို့နယ် တရားရုံးမှ ဆရာဝန်အား စစ်ဆေးခြင်းမရှိဘဲ အာမခံပေးခဲ့ခြင်း၊ အမှုမှ တရားလိုပြသက်သေတစ်ဦးမျှ စစ်ဆေး ခြင်းမရှိသေးဘဲ အာမခံပေးခဲ့ခြင်း၊ ထိုသို့အာမခံပေးခဲ့ခြင်းမှာ ထိုရက်မတိုင်ခင် ယခုအမှုနှင့်ပတ်သက်ပြီး လူစုလူ ဝေးဖြင့် ဆန္ဒပြခဲ့ခြင်းကြောင့် အာမခံပေးခဲ့ခြင်းဖြစ်သည်” ဟု အကြောင်းပြချက်ဖြင့် ဖြစ်ကြောင်း ဖျာပုံခရိုင် တရားသူကြီး ဒေါ်အေးအေးသန်းက မဇ္ဈိမသို့ ပြောသည်။

ထိုသို့ အလယ်တန်းပြဆရာ ဦးမြင့်သိန်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်စိန်တို့ကို အချုပ်လွတ်အာမခံ အား ပြန်လည်ရုပ်သိမ်းပေးရန် လျှောက်ထားမှုကို လာမည့်အောက်တိုဘာလ ၂ ရက်နေ့တွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

တရားလိုဖြစ်သူ ဦးခင်လတ်က လေးကျေးရွာရှိ ကျောင်းဆောက် လုပ်ရန်အတွက် မြေနေရာ ၁ ဧကအား လှူဒါန်းခဲ့သော်လည်း ဦးခင်လတ်တို့ လုပ်ပိုင်ခွင့်ရသည့်မြေနေရာကိုပါ အလယ်တန်းပြဆရာ ဦးမြင့်သိန်းက ၎င်းလုပ်ပိုင်ခွင့်ရသည့် မြေနေရာအဖြစ် ကျောင်းအတွက် လှူဒါန်းခဲ့ပြီး လ/န ၃၉ လိမ်လည်လျှောက်ထားခဲ့သည် ဟု စွပ်စွဲချက်ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လ/န ၃၉ လျှောက်ထားရာ၌ ကျေးရွာ ရယက ဥက္ကဋ္ဌနေရာတွင် ယခင်က ရယက ဥက္ကဋ္ဌဟောင်းဖြစ်သည့် ဦးခင်စိန်က ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလမဟုတ်ဘဲ လိမ်လည်ထောက်ခံ လက်မှတ်ရေးထိုးထား သည်ဟုဆိုသော စွပ်စွဲချက်ဖြင့် ၎င်းကိုပါ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေနေရာ လှူဒါန်ထားခဲ့သည်ဟုဆိုသူ ဦးခင်လတ်က တရားလိုပြုလုပ်ပြီး အလယ်တန်းပြဆရာ ဦးမြင့် သိန်းနှင့် လက်ရှိ ကျောင်းအကျိုးတော်ဆောင် ယခင်က ရယက ဥက္ကဋ္ဌဟောင်းဖြစ်သည့် ဦးခင်စိန်တို့ကို ဒေးဒရဲမြို့နယ်၊ ကျုံးဒါးရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၂ဝ/ ၄၆၈ တို့ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်း လည်းဖြစ်သည်။