NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အပြည်ပြည်ဆိုင်ရာ ငါးဈေးကွက်တစ်ခုပေါ်ပေါက်ရေး ဝန်ကြီးဌာန၏ စေတနာပေါ်မှာ မူတည်နေဟုဆို

.

စက်တင်ဘာ ၁၈ ။           ။ အပြည်ပြည်ဆိုင်ရာ ငါးဈေးကွက်တစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်တိုးရင်းနှီးမြှုပ်နှံခွင့်ရရှိရေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စေတနာပေါ် မူတည်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြောသည်။

အဆိုပါ ငါးဈေးကွက် လုပ်ကိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

“ ငါးဈေးကွက်ပေါ်ပေါက်ဖို့နဲ့ ရေလုပ်သားတွေ ဆင်းရဲမွဲတေမှုလျော့ချစေဖို့၊ နိုင်ငံတော်မှ အခွန်အခ တိကျမှန်ကန်စွာ ရရှိစေဖို့အတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရဲ့ နိုင်ငံတော်မှာ ထားရှိတဲ့ စေတနာပေါ်မှာ မူတည်နေကြောင်း တင်ပြအပ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အစိုးရ၏ အာမခံချက်များ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို၊မေးခွန်းများနှင့် ပတ်သက်သည့် အစီရင်ခံစာကို ဆွေးနွေးခဲ့ရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက “ VMS တပ်ဖို့ အဲ့ဒီလောက်တောင်ခက်ခဲနေပါသလား။ မေးချင်ပါတယ်။ ငါးဖမ်းလှေများ လိုင်စင်သက်တမ်းတိုးခါနီးမှ သတင်းစာရှင်းလင်းပွဲ လုပ်ကြ ၊ ဟိုဌာနက ဟိုလူ့ကိုလွှဲချနဲ့ ဘယ်သူက လုပ်ပေးမှာလဲ ဘယ်သူက ဘယ်ဌာနက တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်မှာလဲ။ မတပ်ချင်၊ မလုပ်ချင်ကြလို့ ရှောင်လွဲနေကြတာသိရလို့ တိုင်းပြည် အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက် မပေးတော့ သွားပြန်ပါပြီ တစ်နှစ်လို့ ဆိုရမလားပါပဲ” ဟု ပြောသည်။

ယခုနှစ် ၂၀၁၈- ၂၀၁၉ ငါးဖမ်းရာသီ၌ ကမ်းဝေးငါးဖမ်း ရေယာဉ်များတွင် Vessel Monitoring System (VMS) စောင့်ကြည့်ကိရိယာ တပ်ဆင်ပြီးမှသာလျှင် ကမ်းဝေးငါးဖမ်းလိုင်စင်ကို ထုတ်ပေးမည်ဟု အစိုးရမှ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ငါးဖမ်းလှေများတွင် တပ်ဆင်နိုင်ရန် လုပ်ငန်းရှင်များဘက်မှ အဆင်သင့် မရှိသေး၍ ပြန်ဖြေလျှော့ပေးလိုက်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးထံမှ သြဂုတ်လ ၁၇ ရက်က သိရသည်။

ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် Vessel Monitoring System (VMS) နှင့် Turtle Exclude Device တပ်ဆင်ခြင်း ဆိုင်ရာကို လာမယ့် ၂၀၁၉- ၂၀၂၀ ခုနှစ် ငါးဖမ်းရာသီမှာ အပြီး တပ်ဆင်ရမည်ဟု မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ငါးဈေးကွက်တစ်ခု ပေါ်ပေါက်ရန်အတွက် မြိတ်ဒေသမှာ အခြေခံကောင်း များရှိပြီး တန်တစ်ရာနှင့် အထက် ရေခဲစက်ကြီး ၂၅လုံး၊ ငါးမုန့်ကြိတ်စက်ရုံ၊ ငါးလုပ်ငန်း အတွေ့အကြုံရှိ ရေလုပ်သားပေါများခြင်း၊ ဒီဇယ်လုံလောက်စွာဝယ်နိုင်ခြင်း၊ တံတား အဆောက်အဦများ ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း က အမျိုးသားလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။