NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အမေရိကန်ရဲ့ သွင်းကုန်စည်းကြပ်ခွန်သစ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ တရုတ်က သံန္ဒိဌာန်ချ သတိပေး

.

ပေကျင်း၊ စက်တင်ဘာ ၁၈ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် ပစ်မှတ်ထားတဲ့ စည်းကြပ်ခွန်သစ်တွေ လာမယ့်သီတင်းပတ်ကစပြီး ချမှတ်ပြဌာန်းတော့မယ်ဆိုလိုက်ပြီးနောက်မှာ တရုတ်နိုင်ငံကလည်း အမေရိကန်အပေါ် တန်ပြန်လက်တုံ့ပြန်သွားမှာဖြစ်ပြီး ကုန်သွယ်ရေးဆွေးနွေးပွဲတွေဟာလည်း မရေရာတော့ကြောင်း သတိပေးလိုက်ပါတယ်။

အမေရိကန်ဆီ တင်သွင်းတဲ့ တရုတ်ပို့ကုန် ထက်ဝက်နီးပါးအပေါ် စည်းကြပ်ခွန်သစ်တွေ ပြဌာန်းပြီး ထရမ့်ဟာ ပေကျင်းအပေါ် ဖိအားပေးလျက် ရှိနေပါတယ်။

“လတော်တော်ကြာကတည်းက ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို မမျှတတဲ့ ကုန်သွယ်ရေးအမူအကျင့်တွေ ပြောင်းလဲပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ အပြန်အလှန် မျှမျှတတ ကျင့်သုံးသွားဖို့ တိုက်တွန်းထားခဲ့တာ ကြာပါပြီ။”လို့ တရုတ်အပေါ် သွင်းကုန်စည်းကြပ်ခွန်သစ် ချမှတ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ကြေညာချက်မှာ ထရမ့်က ဆိုထားပါတယ်။

အခုကာလတွင်းမှာတော့ တရုတ်သွင်းကုန်တွေကို ဆယ်ရာခိုင်နှုန်း အခွန်တိုးကောက်သွားမှာ ဖြစ်ပေမယ့် သဘောတူညီချက် တစ်ရပ်ရပ် မရခဲ့ပါက ဇန်န၀ါရီ ၁ ရက်ကစပြီး ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ယူသွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

“တရုတ်ရဲ့ ကုန်သွယ်ရေး အမူအကျင့်ဟာ အမေရိကန်ရဲ့ ရေရှည်စီးပွားရေးကျန်းမာမှုနဲ့ ကြွယ်ဝမှုကို အပြင်းအထန် ခြိမ်းခြောက်နေတာပဲ ဖြစ်တယ်။”လို့လည်း ထရမ့်က ဆိုပါတယ်။

“ဒါပေမယ့် တရုတ်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီတွေဆီကနေ နည်းပညာခိုးယူခြင်း၊ မတရားရယူခြင်းအပါအ၀င် မမျှတတဲ့ ကုန်သွယ်ရေး အမူအကျင့်တွေကို ပြောင်းလဲဖို့ ခုထိကို ဆန္ဒရှိမနေဘူး။”ဆိုပြီးလည်း သူက ပြောပါတယ်။

ထရမ့်ရဲ့ လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံဖက်က တုံ့ပြန်ရာမှာတော့ “တရားဥပဒေအခွင့်အလမ်း၊ အကျိုးအမြတ်နဲ့ ကမ္ဘာကုန်သွယ်ရေးလွတ်လပ်ခွင့်တွေအရ တရုတ်နိုင်ငံအနေနဲ့ ရွေးစရာ လမ်းမရှိတော့ပါဘူး။ အမေရိကန်ကို တန်ပြန်လက်တုံ့ပြန်ဖို့ပဲ ရှိပါတော့တယ်။”လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ထရမ့်အစိုးရဟာ တရုတ်ကုန်စည် ဒေါ်လာ ၅၀ ဘီလီယံဖိုးကို စည်းကြပ်ခွန်ချမှတ်ခဲ့တာဖြစ်ပြီး ဒါကို လက်တုံ့ပြန်လို့ တရုတ်ကလည်း တူတဲ့ ပမာဏအတိုင်း အမေရိကန်ကုန်စည်တွေအပေါ် ထပ်ဆောင်းစည်းကြပ်ခွန်တွေ ချမှတ်လိုက်ရာကနေ ကုန်သွယ်ရေးစစ်ပွဲ အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။