မန်ကွတ်တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၇၄ ဦးရှိလာ

.

စက်တင်ဘာ ၁၈ ။          ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၊ လူဇွန်ကျွန်းစုမှာ မန်ကွတ်တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ရာ သေဆုံးသူ ၇၄ ဦးရှိခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒေသခံ ၅၅ ဦးလည်း ပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

မန်ကွတ်မုန်တိုင်းဝင်ရောက်တိုက်ခတ်ရာ ဘန်ကတ်ဒေသ၊ အစ်တိုဂွန်မြို့ကတော့ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ အများဆုံးဖြစ်ခဲ့တဲ့အတွက် အသေအပျောက်များတဲ့ဒေသဖြစ်နေပါပြီ။

ဒါအပြင် အစ်တိုဂွန်မြို့ရဲ့ မိုင်းတွင်းနဲ့ စစ်တန်းလျား ၄ ခုဟာ မန်ကွတ်မုန်တိုင်းကြောင့် ပျက်စီးနေပြီဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ အစ်တိုဂွန်မြို့ဒေသခံတွေကို မုန်တိုင်းမတိုက်ခတ်ခင်က ပြောင်းရွှေ့ပေးဖို့ လုပ်ခဲ့ပေမယ့် ဒေသခံတွေက မလိုက်နာခဲ့ဘူးလို့ သိရပါတယ်။

သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အစ်တိုဂွန်မြို့ကို ရောက်ရှိခဲ့ပြီး ဒေသခံတစ်ယောက်ကို ပီဆို ၄၅,၀၀၀ (ကန်ဒေါ်လာ ၈၃၂ ဒေါ်လာ)စီ ထောက်ပံ့ပေးခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဖိလစ်ပိုင် ဒေသခံ ၅၉၀,၀၀၀ ကျော် အနက် ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ယာယီတဲတွေနဲ့ ဆက်လက်နေထိုင်နေရပါတယ်။

မန်ကွတ်တိုင်ဖွန်မုန်တိုင်းဟာ တစ်နာရီ ၃၀၅ ကီလိုမီတာ (မိုင် ၁၉၀) နှုန်းနဲ့ ဖိလစ်ပိုင်ကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး  တစ်နာရီ ၂၃၀ ကီလိုမီတာကျော် (တစ်နာရီ ၁၄၂ မိုင်) နှုန်းနဲ့ ဟောင်ကောင်ကို ဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။