ခရီးသွားလုပ်ငန်းရှင်များအသင်း အမှုဆောင် ခရီးသွားခွင့် ပိတ်ခံရ

ခရီးသွားလုပ်ငန်းရှင်များအသင်း အမှုဆောင် ခရီးသွားခွင့် ပိတ်ခံရ
ခရီးသွားလာရေးကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဦးအေးကျော်။ (photo credit - Zaw Kham Hein-Mizzima)

မဇ္ဈိမ ၇ ။          ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း၏ အမှုဆောင်ကော်မတီဝင် ဦးအေးကျော်အား ပြည်ပ သင်တန်းတစ်ခုတွင် နိုင်ငံနှင့်လူမျိုးအတွက် ထိခိုက်စေသည့်စကားပြောသဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက  ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းပွဲတစ်ခုလုပ်ပြီး ဦးအေးကျော်က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ၌ မေလ ၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပသော Tourism Management, Tour Guiding, hospitality ဘာသာရပ်များသင်တန်းတွင် ''အဲ့ဒီသင်တန်းကျောင်းအုပ်က ကျွန်တော်တု့ိကို သင်ရမှာအားနာနေတယ်။ ကျွန်တော်က မြန်မာနိုင်ငံပညာရေးက အင်ဒိုရဲ့ပညာရေးကို မမှီလို့လာ တက်ရတာပါလို့ ပြောလိုက်မိတယ်။'' ဟု RUBYLAND ခရီးသွားလာရေးကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ လည်းဖြစ်သူ ဦးအေးကျော်က မီဒီယာများကိုပြောသည်။

အသင်း၏ ပုံရိပ်ထိခိုက်စေသည်ဟုဆိုကာ ဦးအေးကျော်အား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အမှုဆောင်ကော်မတီဝင်အဖြစ်မှ ဇူလိုင်လ ၁၆ ရက်က ထုတ်ပယ်ခဲ့ပြီး၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က အမည်မည်းစာရင်း (Black List) ထည့်သွင်းသည်ဟု သြဂုတ်လ ၃ ရက်နေ့ က ကြေညာခဲ့သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် MTF က (Black List) လုပ်ခြင်းမှာ ဦးအေးကျော်ကိုသာ လုပ်ခြင်းဖြစ်ပြီး၊ သူ၏ကုမ္ပဏီနှင့် မသက်ဆိုင်ကြောင်းသိရသည်။

ခရီးသွားလာခွင့်ကိုပါ ပိတ်လိုက်ခြင်းသည် လူ့အခွင့်အရေးကို ပိတ်ပင်ရာရောက်ကြောင်း၊ (Black List) အသွင်းခံရသူမှာ အဖွဲ့အစည်းတစ်ခုခုတွင် ရပ်တည်ရန်ခက်ခဲကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း၏ အသင်းသားရေးရာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဦးခင်စိန်မောင် က မဇ္ဈိမသို့ပြောသည်။

''နိုင်ငံကိုထိခိုက်တဲ့စကားပြောတယ်ဆိုပြီး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေက စွပ်စွဲပြီး နိုင်ငံခြားပေး မထွက်ဘဲ ပိတ်လိုက်တာတော့ကြားတယ်။ ဘယ်သူတွေ ဘယ်လိုလုပ်လိုက်မှန်း မသိဘူး။'' ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်သို့ဝင်လာသည့် တားဆီးမိန့်ကြောင့် တားပေးခဲ့ရသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လ.ဝ.က မှတာဝန်ရှိသူ ဦးကျော်မြင့်ဆွေက မဇ္ဈိမကို ပြောသည်။

အလုပ်အမှုဆောင်ကော်မတီအဖြစ်မှ တရားမဝင် ရပ်စဲခံရခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ အသင်းသားများအပေါ် ဝင်ရောက်စွတ်ဖက်ခွင့် မရှိသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ဥပဒေစည်းကမ်း ဘောင်များကို ကျော်လွန်၍ အမည်မည်းစာရင်း ထည့်သွင်းကြေညာခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ လူအခွင့်အရေးချိုးဖောက်ခြင်းတို့အတွက် သက်ဆိုင် သူများအား တရားစွဲဆိုမည်ဟု ဦးအေးကျော်က ပြောသည်။

ထို့အပြင် လူ့အခွင့်အရေးကော်မရှင်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွတ်တော်အသီးသီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားစာများပေးပို့ သွားမည် ဟု၎င်းကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly