NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အခြေခံအဆောက်အုံအပါအ၀င် လုပ်ငန်း ၅မျိုးအတွက် အင်ဒိုနီးရှားမှ ရင်းနှီးမြှုပ်နှံမည်

.

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။                ။ မြန်မာနိုင်ငံ၌ အခြေခံအဆောက်အုံလုပ်ငန်းအပါအ၀င် လုပ်ငန်း ၅ မျိုးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံ သွားရန်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ် ပရော်ဖက်ဆာ ဒေါက်တာ Iza Fadri က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောဆိုသည်။

Indonesia Myanmar Business Matching 2018 ပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကာ အင်ဒိုနီးရှားနိုင်ငံသံအမတ် ပရော်ဖက်ဆာ ဒေါက်တာ Iza Fadri က ထိုကဲ့သို့အဖွင့်အမှာစကားပြောဆိုခဲ့ခြင်းဖြစ်သည်။

"အင်ဒိုနီးရှားက နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲအောင် အင်ဒိုနီးရှားနိုင်ငံပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခြေခံအဆောက်အဦအပိုင်း၊ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆေးဘက်ဆိုင်ရာတွေ၊ အစားအသောက်လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ ဘဏ် လုပ်ငန်းတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၇ ခုက ရင်းနှီးမြှုပ်နှံ ထားပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ် ပရော်ဖက်ဆာ ဒေါက်တာ Iza Fadri က ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းများစွာရှိနေသည်ဟု ယုံကြည်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံသံအမတ် ပရော်ဖက်ဆာ ဒေါက်တာ Iza Fadri က ဆက်ပြောသည်။

အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာတို့ နှစ်နိုင်ငံအကြား အလားအလာရှိသည့် စီးပွားရေး အခွင့်အလမ်းများကို မျှဝေနိုင်မည်ဟု သိရပြီး စီးပွားရေးလုပ်ငန်းများအတွက် ရေရှည်အစီအမံနှင့် အကျိုး အမြတ်များရနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ဆွေးနွေးသွားနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအဖွဲ့၏ ညွှန်ကြားရေးမှုးချုပ် ဦးအောင်စိုး က အမှာစကား ပြောခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၌ နိုင်ငံခြားငွေဖြစ်သည့် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်မှုမရှိ သော်လည်း အင်ဒိုနီးရှားနိုင်ငံမှ ထုတ်ကုန်များမှာ မြန်မာပြည်သူများတတ်နိုင်သည့် ဈေးနှုန်းဖြစ်သည့်အတွက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ စီးပွားရေးအရာရှိ Mr.Vinsky G. Wattimena က ဆိုသည်။

"ငွေကြေးမတည်ငြိမ်မှုတွေက မြန်မာနိုင်ငံက တင်သွင်းသူတွေနဲ့ ၀ယ်ယူသူတွေကို ပျော်စေမှာတော့ မဟုတ်ပါ ဘူး။ ဒါပေမယ့် ကျွန်တော်စဉ်းစားကြည့်တာမှာ မြန်မာနဲ့ အင်ဒိုနီးရှား စီးပွားရေးကဏ္ဍတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့နဲ့ အရည်အသွေးကောင်းတွေရဖို့ အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်ယုံကြည်တာက ငွေကြေးမတည်ငြိမ်မှုက စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက်ကြားမှာ အနှောက်အယှက်ဖြစ်မယ်လို့မထင်ပါဘူး"ဟု Mr.Vinsky G. Wattimena က မဇ္ဈိမကိုပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ စားအုန်းဆီများ အဓိကတင်ပို့နေပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသည် အဆင့် ၁၄ နေရာတွင်ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည် ၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄၀.၇၉၅ သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၈၂၇.၆ သန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀၂၅.၂၇၈ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။