မိုးမမှန်၊ ဈေးကျနေ၍ ခရမ်းချဉ်စိုက်တောင်သူများ ယခုနှစ် အရှုံးပေါ်နိုင်

.

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၆ ။       ။ ယခုနှစ် ခရမ်းချဉ်စိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်ရနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်၊ ခရမ်းချဉ်စိုက်တောင်သူများက ပြောသည်။

ယခုနှစ် မိုးလေဝသအခြေအနေကြောင့်တစ်မျိုး၊ ခရမ်းချဉ်ခူးချိန် ရောင်းဈေးနှုန်း နည်းပါးခြင်းတို့ကြောင့် ယခုနှစ် ခရမ်းချဉ်စိုက်တောင်သူများ အခြေအနေ မကောင်းကြောင်း ကျောက်ပန်းတောင်းမြို့နယ် သပြေအိုင်အုပ်စု ပျဉ်းမကျေးရွာတောင်သူ ဦးပဲရင်းက ပြောသည်။

“ ခရမ်းချဉ်က အပင်စိုက်တဲ့ကာလ ၁ လ၊ အသီးခူးတဲ့ကာလက ၁ လကျော်၊ ၂ လနီးပါးပေါ့၊ ခရမ်းချဉ် ၁ ဧက စိုက်မယ်ဆိုရင် ပျိုးပင်ဖိုးရယ်၊ မြေသြဇာဖိုး၊ ထွန်ယက်ခ၊ လုပ်သားခ စုစုပေါင်း ကုန်ကျငွေ ကျပ် ၄ သိန်းကျော် ၅ သိန်းခန့် ကုန်ကျပါတယ်၊ အခု ခရမ်းချဉ်ဆွတ်ခူးတော့မယ်ဆို ၁ ဧကစိုက်ကို ၁၀ သိန်းနဲ့ ၁၅ သိန်းလောက် မရရင် စိုက်တဲ့တောင်သူတွေ အထိနာ၊ အရှုံးနဲ့ ရင်ဆိုင်ရတော့မယ်” ဟု ဦးပဲရင်းက ပြောသည်။

တော်သတင်းလနှင့် သီတင်းကျွတ်လတွင် ခရမ်းချဉ် ဆွတ်ခူးလဖြစ်ပြီး လက်ရှိခရမ်းချဉ်ကောက်သည့် ဈေးနှုန်းမှာ ဒိုင်များက တစ်ပိသာ သုံးရာကျပ်ခန့်သာ ပေးကောက်နေကြောင်း၊ တစ်ပိသာ ငါးရာကျပ်ခန့် ရမှာသာလျှင် တောင်သူများ အဆင်ပြေနိင်ကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။

ထိုနည်းအတူ ခရမ်းချဉ်နှင့်တဆက်တည်း စိုက်ပျိုးလျက်ရှိသော နှမ်း၊ ပဲ၊ ပြောင်းစိုက် တောင်သူများမှာလည်း ယခုနှစ် မိုးမမှန်သော မိုးလေဝသ အခြေအနေကြောင့် အရှုံးနှင့် ရင်ဆိုင်နိင်ရကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးလျှက်ရှိသော ခရမ်းချဉ်များမှာ ဆင်ခွာအဝိုင်းသီးဖြစ်ပြီး ချက်ပြုတ်ရာတွင် အသုံးပြုမှု နည်းပါးပြီး Export ပို့ကုန်ဖြစ်ကြောင်း ခရမ်းချဉ်ခြောက၊ ခရမ်းချဉ်ဆော့များ ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။