ဒါရိုက်တာမိုက်တီးကို ဆရာအရင်းဖြစ်လို့ သတိရမိတယ်ဆိုတဲ့ ပြေတီဦး

.

ရန်ကုန်၊ စက်တင်ဘာ ၁၆ ။                 ။ မူးယစ်ဆေးဝါးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဒါရိုက်တာမိုက်တီးဟာ ဆရာအရင်းဖြစ်ပြီး သူ့ကို သတိရမိပါတယ်လို့ သရုပ်ဆောင် ပြေတီဦး က ပြောပါတယ်။

ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဒါရိုက်တာ မိုက်တီးရဲ့ "ရိုက်စား" အမည်ရရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်အထူးပြပွဲမှာ ပြောခဲ့တာပါ။

"ကိုမိုက်ကတော့ ကျွန်တော့်ဆရာအရင်းပါပဲ။ ကျွန်တော့်ဆရာအရင်းဆိုတော့ ကျွန်တော်က ကိုမိုက်တို့ အိမ်တွေ၊ ဘာတွေလည်း အမြဲတမ်းလိုလိုရောက်ဖြစ်နေတာပဲလေ။ ကျွန်တော့်ဆရာဆိုတော့ အမြဲတမ်း သတိရနေပါတယ်။ ဒီဇာတ်ကားမှာ အချိတ်အဆက်မိတာတွေ တင်ပြပုံကောင်းတာတွေက ဒါရိုက်တာ တော်လို့ပါပဲ။ အဓိကကတော့ ဒါရိုက်တာရဲ့ညွှန်ကြားချက်နဲ့ ကျွန်တော်တို့က လုပ်ကြရတာပဲလေ။" လို့ သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။

 ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦးနဲ့ ခင်လှိုင်တို့က အဆင့်တန်းမြင့်မြင့်လိမ်နိုင်တဲ့ လူလိမ်တွေအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်ကတည်းက စတင်ရိုက်ကူးခဲ့ပြီး ၂ နှစ်ကျော်အကြာမှာ ရုံတင်ခွင့် ရရှိတာဖြစ်ပါတယ်။ 

" ဒီကားကတော့ ပညာပေးနဲ့ သရော်တာပေါ့နော်။ ခေတ်တစ်ခေတ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို သူက ဟာသအမြင်နဲ့ မက်ဆေ့လည်း ပေးချင်တာပေါ့။ သင်ခန်းစာပေးချင်တဲ့သဘောမျိုးလေးလည်း ပါတာပေါ့နော်။ ဒါလေးတွေကတော့ ကျွန်တော့်အထင်ကတော့ ယူတတ်မယ်ဆိုရင်တော့ ကောင်းတဲ့ သင်ခန်းစာလေးတွေ မက်ဆေ့တွေရမှာပါ။" လို့ သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။

"ရိုက်စား" ရုပ်ရှင်ဇာတ်ကားမှာ ထူးထူးခြားခြားအနေနဲ့ အင်္ဂလန်မင်းသမီး Libby (လစ်ဘီ)လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ Libby (လစ်ဘီ)ဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ် စက်တင်ဘာ  ၃ ရက်က ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့၊ ပါရမီဟိုတယ်မှာ ရိုက်ကူးခဲ့ပါတယ်။

" သူနဲ့ရိုက်ရတဲ့အခါ ဘာသာစကားအခက်အခဲတော့ နည်းနည်းပါးပါးရှိတာပေါ့။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ အမူအရာပိုင်းတွေကို ကိုယ်ကိုတိုင်ပဲ ရှင်းပြရတာပေါ့နော်။ သို့ပေမယ့် အရမ်းကြီးတော့ မတတ်ဘူးလေ။ အရမ်းကြီးမကျွမ်းတော့ နားလည်အောင် ကြိုးစားပြီး ရှင်းပြရတယ်။ ဒါပေမယ့် သူ ကလည်း တော်ပါတယ်။ ဆိုချင်တဲ့အဓိပ္ပါယ်လေးကို ဖမ်းမိတယ်ပေါ့လေ။ အဲဒီအခက်အခဲပါပဲ။" လို့ သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။

"ရိုက်စား" ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦး ၊ စိုးမြတ်သူဇာ၊ Libby (လစ်ဘီ)၊ ခင်လှိုင်၊ ဗေလုဝ၊ မိုးဒီ၊ ဧရာတို့ပါဝင်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး ရုံတင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။