ဘူးသီးတောင်-မောင်တော ကားလမ်း ကားကြီးများ မသွားနိုင်သေး

ဘူးသီးတောင်-မောင်တော ကားလမ်း ကားကြီးများ မသွားနိုင်သေး
ဘူးသီးတောင်-မောင်တော ကားလမ်းပိုင်းတစ်နေရာ။ (ဓာတ်ပုံ-မဇ္ဈိမ/DMG)

မိုးရွာသွန်းမှုများခြင်းနှင့် ကိုမန်မုန်တိုင်းကြောင့် တောင်ပြိုကျ၍ မြေသားများဖုံးလွှမ်းပြီး ပျက်စီးသွားသော ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယနေ့အချိန်ထိ ကားကြီးများ မသွားနိုင်သေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဘူးသီးတောင် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက "အခုထိတော့ ကုန်ကားကြီးတွေ သွားလို့မရသေးဘူး။ ကားငယ်တွေပဲ သွားလို့ပါတယ်။ ဒါတောင်မှ တချို့လမ်းပိုင်းဆိုရင် တော်တော် ခက်ခက်ခဲခဲသွားရတယ်။" ဟု ပြောသည်။

ကားငယ်များသွား၍ရသည်မှာ မိုးမရွာသောကြောင့်ဖြစ်ပြီး မိုးရွာသွန်းပါက ခရီးသွားကုန်သည်များ အခက်အခဲဖြစ်ကြောင်း ဘူးသီးတောင်က မောင်တောသို့ ဆန်ပို့နေသည့် ကုန်သည်တစ်ဦးဖြစ်သူ ဦးအေးမောင်က ပြောကြားသည်။

"ဆိုင်ကယ်တွေတော့ ရပါပြီ။ ဒါပေမယ့် တောင်ပြိုသွားတာကြောင့် ရွှံ့မြေတွေကတော့ ရှိနေပါသေးတယ်။ နဂိုကတ္တရာထက် ရွှံ့မြေက နှစ်တောင်လောက် ထူပါတယ်။ မိုးရွာရင်တော့ သွားလို့မရဘူး။ အခုနေပူနေတော့ ခြောက်သွေ့သွားတာကြောင့် သွားလို့ရပါတယ်။ ကုန်ကားတွေဆိုရင် ပစ္စည်းတွေ အပြည့်နဲ့ သွားလို့မရသေးဘူး။ " ဟု ပြောသည်။

သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနက အဆိုပါကားလမ်းကို ဘတ်ဖိုးဖြင့် ရွှံမြေများကို ဖယ်ရှားနေကြောင်း သိရသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းကို ပြည်နယ်အစိုးရမှ ကွန်ကရစ်ခင်းပေးမည်ဟု ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ မခင်းသေးဘဲ မူလ ကတ္တရာအတိုင်းရှိနေသေးကြောင်း၊ အချို့လမ်းပိုင်းများ တွင်ကတ္တရာမရှိဘဲ ကျောက်စရစ်များဖြစ်ကြောင်း ဦးအေးမောင်က ပြောကြားသည်။

စစ်တွေ-ဘူးသီးတောင် ကုန်သည်များနှင့် ဘူးသီးတောင်-မောင်တော ကုန်သည်များမှာ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ချ်နှင့် နိုင်ငံသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဆိုပါ ဘူးသီးတောင် -မောင်တော ကားလမ်းကို အဓိကထား အသုံးပြုနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly