သြဂုတ်လ အတွင်း တစ်နိုင်ငံလုံး၌ တိုက်ပွဲဖြစ်ပွားမှု (၂၉) ကြိမ် ဖြစ်ပွားခဲ့ဟု MIPS ထုတ်ပြန်

.

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ။                  ။ ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းပိုင်း၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လက်နက်ကိုင် ထိတွေ့မှု ၂၅ ကြိမ် ၊ ဒေသန္တရလက်လုပ် မိုင်းအသုံးပြု တိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)အဖွဲ့ကထုတ်ပြန်သည်။

MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး၏ မှတ်တမ်းတင်ထားသော အချက်အလက်များအရ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လက်နက်ကိုင်ပဋိပက္ခ ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း၌လည်း ၂၉ ကြိမ်ဖြစ်ပွားခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် မြို့နယ်ပေါင်း ၁၁ မြို့နယ်၊ ဇူလိုင်လတွင် မြို့နယ်ပေါင်း ၁၄ မြို့နယ် ၊ သြဂုတ်လတွင် မြို့နယ်ပေါင်း ၁၀ မြို့နယ် ၌ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် သုံးလတာ ကာလအတွင်း ကွာခြားမှု သိပ်မရှိပေ။

သြဂုတ်လ အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုအများဆုံးမှာ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန် ၊ ရှမ်းပြည်နယ် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင်လည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ထူးခြားမှုအနေဖြင့် သြဂုတ်လအတွင်း၌ ကချင်ပြည်နယ်တွင်တပ်မတော် နှင့် KIAအဖွဲ့(ကချင်လွတ်မြောက်ရေးတပ်မတော်) အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုများကို သတင်းကြားသိရခြင်းမရှိဘဲ ကချင်ပြည်နယ်အတွင်း၌သာ မြေမြှုပ်မှိုင်း ပေါက်ကွဲမှုများသာ ဖြစ်ပွားခဲ့သည်ကို သိရှိရသည်ဟု MIPS အဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း ရှမ်းပြည် မြောက်ပိုင်းတွင် တပ်မတော်နှင့် KIA အကြား ထိတွေ့မှုရှိခဲ့သော်လည်း သီးသန့်တိုက်ခိုက်မှု မဟုတ်ဘဲ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အနေဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု MIPS အဖွဲ့က ဆိုသည်။

သြဂုတ်လအတွင်း၌ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု MIPS အဖွဲ့က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။