သိန်းငှက်စစ်ဆင်ရေး၏ အောင်မြင်မှုကို မသိကြဟု မန်းတိုင်းဝန်ကြီးချုပ်ပြော

.

မန္တလေး၊ စက်တင်ဘာ ၁၄ ။               ။ သိန်းငှက်စစ်ဆင်ရေး၏ အောင်မြင်မှုကို မသိကြဘူးဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်သည်။

“ ရာဇ၀တ်မှုဆိုတာ တစ်နိုင်ငံလုံးမှာ ဖြစ်တာ။ ဒီတစ်နိုင်ငံတည်းမှာ ဖြစ်တာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်တာ။ ဒါပေမယ့် ရာဇ၀တ်မှု မှုခင်းကျဆင်းရေး ဆိုတာ ကျွန်တော်တို့လုပ်နေတယ်။ သိန်းငှက် စစ်ဆင်ရေး ဆိုတာ ရှိတယ်။ ဒီဟာအခု ဘယ်သူမှမသိခဲ့ဘူး။ ဒီ ၃ လတောင်ပြည့်တော့မယ်။ ဒီလ ၂၃ ရက် ၉ လဆို ရင် ၃ လ ပြည့်ပြီ။ ကျွန်တော်တို့ ဒီ ၃ လလုပ်နေတုန်းက ဒီသိန်းငှက်စစ်ဆင်ရေးကို အာရုံမစိုက်ကြဘူး၊ လူတွေက ပြောနေတာ။ ဒါပေမယ့် သိန်းငှက်စစ်ဆင်ရေး ရဲ့အောင်မြင်မှုကို မသိကြဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

မန္တလေးမြို့မှာ ဖြစ်ပွားနေသည့် ဒုစရိုက်မှုများနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့များကို ဝေဖန်မှုများ ရှိနေသည့်အပေါ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မှုခင်းများကျဆင်းရေးအတွက် သိန်းငှက်စစ်ဆင်ရေးအနေဖြင့် ည ၁၂ ကျော်အထိ အလှည့်ကျ ရပ်ကင်း၊ လှည့်ကင်းများကိုလုပ်ဆောင်နေကြောင်းလည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သော်လည်း သိန်းငှက် စစ်ဆင်ရေးအနေဖြင့် မှုခင်းမည်မျှထိကျဆင်းအောင်လုပ်ဆောင်နိုင်ခဲ့သည်နှင့် မည်ကဲ့သို့နည်းစနစ်ဖြင့် ဆောင်ရွက်နေသည်ကို ထည့်သွင်းဖြေကြားခြင်းမရှိခဲ့ပေ။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က သေနတ်ပစ်ခတ်လုယက်မှု ဖြစ်ပွားခဲ့ပြီး ဓားခုတ်မှု မှုခင်းများလည်း ဖြစ်ပွားနေမှုကြောင့် တိုင်းအစိုးရအပေါ် ဝေဖန်မှုများ ရှိနေသည်။