NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

သားဖြစ်သူ အနိုင်မရလျှင် နိုင်ငံရေးလောကမှ ထွက်မည်ဟု ဒေါက်တာအေးမောင်ဆို

.

စစ်တွေ၊ စက်တင်ဘာ ၁၄ ရက်။                  ။ ကြားဖြတ်ရွေးကောက်ပွဲတွင် သားဖြစ်သူ အနိုင်မရပါက နိုင်ငံရေးလောကမှ ထွက်မည်ဟု နိုင်ငံတော်ပုန်ကန်မှုဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။

“ရသေ့တောင်မှာ ကျနော့် သားကို ကျနော့် ဇာတိမို့လို့ ကျနော် ပြိုင်ခိုင်းတယ်။ တကယ်လို့ ကျနော့်သားကို ရသေ့တောင်လူထုက မဲမပေးဘူးဆိုရင် ကျနော် နိုင်ငံရေးလောကက ထွက်မယ်။ နိုင်ငံရေးလောကမှာ နေကို မနေတော့ဘူး။ ကျနော့်ကိုယ်စား မဲပြိုင်ဖို့ တာဝန်ရှိတယ်။ အဲဒါကြောင့် တာဝန် ပေးထားတာပါ။” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင် မဲဆန္ဒနယ်မှ လစ်လပ်တစ်နေရာရှိနေပြီး ထိုနေရာကို ဒေါက်တာ ဦးအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းက တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်လည်း ဖြစ်သည်။

ရသေ့တောင် စာပေဟောပြောပွဲကြောင့် ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင် အပါအဝင် စာရေးဆရာ ကိုဝေဟင်အောင်တို့ကို စက်တင်ဘာလ ၁၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးက ရုံးထုတ်စစ်ဆေး၍ အပြန်တွင် ဒေါက်တာ ဦးအေးမောင်က မီဒီယာများကို ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ ဦးအေးမောင် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီးနောက်ပိုင်း “အဖရခိုင်” အမည်ဖြင့် ပါတီထည်ထောင်ရန် ခွင့်ပြုချက်တင်ထားရာ ခွင့်ပြုချက်မကျသေး၍ အဆိုပါ ရသေ့တောင်မြို့နယ် လစ်လပ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်မောင်ဝင်းမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဟု သိရသည်။

သို့သော် လက်ရှိတွင် အဆိုပါ အမည်ဖြင့် ပါတီထောင်ခွင့် မပြုသောကြောင့် အခြားအမည်တစ်ခုဖြင့် ထူထောင်ရန် ကြိုးပမ်းနေ ကြောင်းလည်း ဒေါက်တာ ဦးအေးမောင်က ပြောဆိုခဲ့သည်။

ဒေါက်တာ ဦးအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သည့် စကားရပ်ဝန်းများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်ဟုဆိုကာ ၎င်းတို့ နှစ်ဦးအား ပြည်နယ်အစိုးရက ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင်ခံထားရသည်။