အနီလား အစိမ်းလား

အနီလား အစိမ်းလား

ယနေ့ (စက်တင်ဘာ ၈၊ ၂၀၁၅) မှစပြီး ရွေးကောက်ပွဲဝင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ၏ တရားဝင် မဲဆွယ်စည်းရုံးရေး စတင်တော့မည်။ ပြည်သူ့ကိုယ်စားလှယ်လောင်းများဟု ဆိုရာတွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်လောင်းများ ပါဝင်သလို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ပါပေသည်။ သူတို့၏ မဲဆွယ်စည်းရုံးခြင်းကို မဲဆန္ဒရှင်ပြည်သူများက စောင့်ကြည့် အကဲဖြတ် ပိုင်းခြားဝေဖန် ကြပေမည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက ပါတီအားဖြင့် မကူဘဲ မိမိတို့၏ အစွမ်းအစ၊ ယုံကြည်မှုဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ရာ ရှင်းလင်းလှပေသည်။ အားကိုးထိုက်သည်ဟု ယူဆက မဲပေးပြီး လောက်လောက်လားလား မရှိဟု ထင်မြင်က မဲမထည့်ရုံ ရှိသည်။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများကိုမူကား ပြည်သူများသည် ပို၍ ထဲထဲဝင်ဝင် လေ့လာ စောကြောသင့် ပေသည်။

မျက်မှောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ရှုပ်ထွေးအကဲဆတ်သယောင် ရှိသော်လည်း ရှင်းရှင်းလင်းလင်းကြီး တွေ့မြင်ရသော အနေအထားများလည်း ရှိပေသည်။ ဥပမာအားဖြင့် အဓိက အင်အားကြီး ပါတီကြီးနှစ်ခုဖြစ်သော အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)တို့၏ ယှဉ်ပြိုင်ပွဲ ဖြစ်သည်။ နိုင်ငံရေး အကဲခတ် အချို့က လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နှစ်ကောင်းပြေး မြင်းပြိုင်ပွဲနှင့် တင်စားကြသည်။

နိုင်ငံရေး ပရောဟိတ်များ၏ လာမည့်ရွေးကောက်ပွဲတွင် ပါတီကို မဲပေးမည်လား၊ လူကို မဲပေး မည်လား အဖြေမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ မျက်မှောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အာဏာရ ပါတီက ကုန်ခဲ့သော ငါးနှစ်ကာလမှ စတင်ကာ ဖော်ဆောင်ထားသည့် အနေအထား ဖြစ်သည်။ ယင်းအခြေအနေကို လက်သင့်ခံပါက အာဏာရ ပြည်ခိုင်ဖြိုးပါတီကို မဲပေးကောင်းသည်။

သို့တည်းမဟုတ် လက်ရှိထက် သာလွန်သော နိုင်ငံသားအခွင့်အရေး၊ စီးပွားရေးအခွင့်အရေး၊ အလုပ် အကိုင်အခွင့်အရေး စသည်ဖြင့် အပြောင်းအလဲတစ်ခုကို မှန်းမျှော်ပါက ပြည်ခိုင်ဖြိုးကို မဲမပေးရေး ပင်ဖြစ်သည်။

ပြည်ခိုင်ဖြိုးကို မဲပေးရေး/ မပေးရေး ကိစ္စပြတ်လျှင် လာမည့်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးရမည့် ပါတီ သို့မဟုတ် လူပုဂ္ဂိုလ်ကို ကြည့်ရမည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် လွှတ်တော် အရပ်ရပ် ရွေးကောက်ပွဲများ ဖြစ်သည်။ ဥပဒေပြုရေး အာဏာကို ကိုင်စွဲနိုင်ပြီး အစိုးရအဖွဲ့ ကို ဖွဲ့စည်းဦးဆောင်မည့် သမ္မတကို ရွေးချယ်ခွင့်ရှိသည့် ပြည်သူ့ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများ ကရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ အပြောင်းအလဲ လိုလား လျှင် သူတို့ပါတီ မဲပေးရန် ဆော်သြသည်။ လက်ရှိအနေအထားမှသည် ပြောင်းလဲချိန်တန်ပြီဟု ဆောင်ပုဒ် ထုတ် ကြွေးကြော်သည်။ သို့သော် မဲဆန္ဒရှင် ပြည်သူများကား ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ၏ စွမ်းဆောင်ရည်ကို အာမခံချက်နှင့်အတူ အကဲဖြတ်ရန် မစွမ်းသာခဲ့ပေ၊ အဘယ့် ကြောင့် ဆိုသော် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် တစ်ကြိမ်တစ်ခါဖူးမှ အစိုးရဖြစ်ခွင့် မကြုံကြိုက်ခဲ့သည့်အတွက် ဖြစ်သည်။

ယခုမူ အာဏာရနှင့် အတိုက်အခံသည် လာမည့်ရွေးကောက်ပွဲတွင် ထိပ်တိုက်တွေ့ကြပြီ။ အာဏာရက အတိုက်အခံဖြစ်ပြီး အတိုက်အခံက အာဏာရ ဖြစ်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

သို့တည်းမဟုတ် အာဏာရက ဆက်အာဏာရပြီး အတိုက်အခံကလည်း ဆက်အတိုက် အခံ ဖြစ်သွားမည်လား ဆိုသည်ကလည်း မေးခွန်းတစ်ခု ဖြစ်သည်။ ခပ်တိုတို မေးရသော် အနီလား၊ အစိမ်းလား ဟူ၍ ဖြစ်သည်။

အစိမ်းဆိုလျှင် ရရှိခံစားဖူးပြီးဖြစ်သော လက်ရှိဘဝနှင့် မကင်းကွာသော အနေအထားတစ်ခုကို ရလိမ့်မည်။ အနီဆိုလျှင် အာမခံချက် မရှိသေးဘဲ စိတ်ခံစားမှု အားပြုသော အပြောင်းအလဲတစ်ခုဆီ သို့ရောက်နိုင်ပေမည်။ ယင်းအပြောင်းအလဲသည် အမှန်တကယ် ဖြစ်ခဲ့လျှင် ပြည်သူများသည် အခြေအ နေသစ်၊ ရပ်ဝန်းသစ်တစ်ခုဆီသို့ ရောက်ရှိပါလိမ့်မည်။ ကောင်းမည်လား၊ ဆိုးမည်လားဆိုသည်ကို မဇ္ဈိမသည် အာမခံစွမ်း မရှိပါ။ သို့သော် ပြည်သူတစ်ဦးချင်း၏ စိတ်ထက်သန်မှုနှင့် ရွေးချယ်မှုသည်သာ အဖြေ ဖြစ်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags