အကုန်ဈေးတက်နေသော်လည်း မူးယစ်ဆေး ဈေးကျနေသည့်ကိစ္စမှာ ရည်ရွယ်ချက်ရှိဟု ဆို

.

ဇွန်လ ၂၆ ရက်က ပြုလုပ်သော မူးယစ်ဆေးဝါးတားဆီးရေးနှင့်နှိမ်နင်းရေးအတွက် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။  ဓာတ်ပုံ-ရဲအောင်သူ/AFP

နေပြည်တော်၊ စက်တင်ဘာ ၁၂  ။             ။ မြန်မာနိုင်ငံတွင် ဒေါ်လာအပါအ၀င် အခြားကုန်ပစ္စည်းဈေးနှုန်းများတက်နေသော်လည်း မူးယစ်ဆေးဝါးများမှာ ဈေးပေါပေါနှင့် လွယ်လွယ်ကူကူ ရနေခြင်းသည် ရည်ရွယ်ချက်များနှင့် တမင်ပြုလုပ်နေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းဦးက ပြောသည်။

“အချိန်မီ ကာကွယ်တားဆီးဖို့ အစိုးရကို တိုက်တွန်းဖို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ခါတိုင်းလို ဖမ်းဆီး၊ တားဆီးရုံ နဲ့ မရပါဘူး” ဟု ဦးထွန်းထွန်းဦးက အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောခဲ့ခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာ ၁၂ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးထွန်းထွန်းဦးက “ယခုအခါတွင် ယာဘခေါ် စိတ်ကြွမူးယစ်ဆေးပြားများကို မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြား၌ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်သော အခြေအနေဖြစ်အောင် ဖန်တီးလုပ်ဆောင်လာကြခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းရန်အတွက် စီမံဆောင်ရွက်မည့်အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်”စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက  ပြန်လည်ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားရာတွင်၂၀၁၃ ခုနှစ်တွင်းမှ မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေးတပ်ဖွဲ့ကို တင်ဖွဲ့စည်းခဲ့ပြီး နယ်မြေဒေသလိုအပ်ချက်များရ စတင်ဖွဲ့စည်းချိန်မှ ၂၀၁၈ ခုနှစ်ထိ မူးယစ်ဆေးဝါးများ တားဆီး နှိမ်နင်းရေး စစ်ဆင်ရေးပေါင်း ၂၂ ကြိမ်ဆောင်ရွက်နေပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင်းပြောကြားသည်။

၂၀၁၈ ခုနှစ်တွင်းမှာ မူးယစ်ဆေးဝါးများ ပြုလုပ်ရာတွင် အဓိကပါဝင်သည့် ပီကာဆာ(မူးယစ်ဆေးထုတ်ရာမှာ အသုံးပြုသော Chemical ပစ္စည်း)များနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိမှု ၂၇ ကြိမ်တွင် တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၂ သိန်းကျော်ဖိုးထိရှိခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းနှင့်အထက် ဖမ်းဆီးရမိခဲ့မှု ၁၀ မှု ရှိခဲ့ကြောင်း ဗိုလ်ချုပ်အောင်သူက ဆက်လက် ပြောကြားသည်။

“အဆိုပါ ပီကာဆာများကို အသုံးပြုပြီး စိတ်ကြွ ရူးသွပ်ဆေးပြားထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၁၅၀ ခန့်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ဘိန်း၂.၄၃တန်အား အဆိုပါ ပီကာဆာများနဲ့ ထုတ်လုပ်မယ်ဆိုပါက ဘိန်းဖြူ ၂၅၀ ကီလိုဂ၇မ်ခန့် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ အဲ့ဒီဆောင်ရွက်နိုင်မှုကို ကျွန်တော်တို့ အနေနဲ့ ကြိုတင်တားဆီးနိုင်ကြောင်း တွေ့ရှိရမှာဖြစ်တယ်” ဟု ၄င်းက ပြောကြားသည်။

ဆေးပြားများ သန်းနှင့်ချီ အလုံးအရင်းနှင့် ဖမ်းဆီးရမိမှုများတွင် ပိုင်ရှင်မဲ့များ ဖြစ်နေတတ်ပြီး ၊ အရင်းအမြစ်များ ဖြစ်သည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည် အဖွဲ့အစည်းအများ၊ မူးယစ်ရာဇာကြီးများကိုတော့ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဘဲ ကိုင်းဖျားကိုင်းနားလေးများကိုသာ ဖမ်းမိနေသည်မှာလည်း ကာလရှည်ကြာနေပြီဟု ဦးထွန်းထွန်းဦးက လွှတ်တော်တွင်း ဝေဖန်ပြောကြားခဲ့သေးသည်။

သို့ရာတွင် အဆိုပါ နိုင်ငံတွင်းသို့ အဆိုပါ ပီကာဆာများဝင်ရောက်မှုကို နယ်စပ်ဝင်ပေါက် ထွက်များမှ ထိန်းချုပ်ရန် အခက်အခဲများစွာရှိသောကြောင့် တားဆီးနှိမ်နင်းရေးတွင် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေသည်ဟု ဗိုလ်ချုပ်အောင်သူက ဆက်ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စုံစမ်းဖမ်းဆီးမှုများအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်း အထူးစစ်ဆင်ရေးများကြောင့် ၂၀၀၈ခုနှစ်တွင် အမှုပေါင်း ၂၄၃၁မှု မှ တရားခံပေါင်း ၃၇၇၃ ဦး ဖမ်းဆီးခဲ့ရာမှ ၂၀၁၇ခုနှစ်တွင် ၉၉၄၄ မှု မှ တရားခံ ၁၄၀၀၀ အထိ သို့ တိုးမြှင့်ဖမ်းဆီးမိခဲ့သလို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှ စက်တင်ဘာ ၁၀ရက်နေ့အထိ အမှုပေါင်း ၈၇၇၅ မှုမှ တရားခံ ၁၂၅၇၇ ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ အတွင်း ဖမ်းဆီးမှုများမှ ဘိန်း ၂၄၂၆.၆၂ ကီလို၊ ဘိန်းဖြူ ၇၂၇.၅၈ ကီလို၊ အိုက်စ် ၂၄၈၅.၉၆ကီလို၊ စိတ်ကြွဆေးပြား ၈၂.၁၉သန်းနှင့် ဆေးခြောက် ၉၀.၅၉ ကီလို နှင့် အခြား မူးယစ်ဆေးဝါးများစွာတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်အောင်သူက ပြောခဲ့သည်။