ကုန်သွယ်ရေးအကာအကွယ်ပြုမှုက အလွန်ဘေးအန္တရာယ်ကြီးတယ်လို့ ရှီကျင့်ဖျင် သတိပေး

.

မော်စကို၊ စက်တင်ဘာ ၁၂ ။           ။ တစ်ဖက်သတ်ဆန်တဲ့ ကုန်သွယ်ရေးအကာအကွယ်ပြုမှုဟာ ခေါင်းခဲစရာ ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်ပြီး အရှေ့မြောက်အာရှနိုင်ငံတွေအနေနဲ့ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ကြရန်လည်း တိုက်တွန်းလိုက်ပါတယ်။

ရုရှနိုင်ငံအရှေ့ပိုင်း ဗလာဒီဗိုစတော့ခ်မြို့မှာ ကျင်းပတဲ့ စီးပွားရေးဖိုရမ်တစ်ရပ်ကို တက်ရောက်လာစဉ်မှာ ရှီကျင့်ဖျင်က ခုလို ပြောသွားတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျင့်သုံးနေတဲ့ ကုန်သွယ်ရေးအကာအကွယ်ပြုမှုဟာ ဘေးအန္တရာယ်ကြီးမားကြောင်းကိုလည်း ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တရုတ်ဒုတိယ၀န်ကြီးချုပ်က သတိပေးပြောထားချိန်လည်း ဖြစ်ပါတယ်။

အနောက်အုပ်စုနဲ့ ယိုယွင်းနေတဲ့ ဆက်ဆံရေး ရှိနေတဲ့ ပူတင်ကလည်း ကုန်သွယ်ရေးမှာ ဒေါ်လာကို အသုံးပြုတာ လျှော့ချပြီး မော်စကိုနဲ့ ပေကျင်းတို့က ကိုယ်ပိုင်ငွေကြေးများကို ပိုမိုသုံးစွဲကြဖို့ စီစဉ်ထားကြောင်းလည်း ပြောခဲ့ပါတယ်။

ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး အထူးအားရစရာကောင်းကြောင်း ပြောဆိုခဲ့ကြပြီး “ကျွန်တော်တို့ဟာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးတို့မှာ ယုံကြည်မှုနဲ့ လက်တွဲထားကြပြီ။”လို့ ပူတင်က ပြောသလို ရှီကျင်ဖျင်ကလည်း နှစ်နိုင်ငံဆက်ဆံရေးဟာ မကြုံစဖူး မိတ်ဖက်ရင်းနှီးမှု ရရှိပြီလို့ ပြောခဲ့ကြပါတယ်။