စစ်အေးနောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ရုရှ စတင်

.

မော်စကို၊ စက်တင်ဘာ ၁၂ ။        ။ ဆိုက်ဘေးရီးယားနဲ့ အရှေ့စွန်းဖျားမှာ ရုရှနိုင်ငံဟာ တရုတ်နဲ့ မွန်ဂိုလီးယားတပ်တွေ ပါဝင်လျက် စစ်အေးခေတ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလို့ ခေါ်တဲ့ ခုစစ်ရေးလေ့ကျင့်မှုကို ရုရှနိုင်ငံဟာ စက်တင်ဘာ ၁၁ ရက်မှာ စတင်ပြုလုပ်တာဖြစ်ပါတယ်။

တရုတ်စစ်သားများပါ ပါဝင်တဲ့ ထောင်ပေါင်းများစွာသော စစ်သည်အင်အားနဲ့ ခုလို စစ်ရေးလေ့ကျင့်တာကို အကြီးစားထိပ်တိုက်တွေ့မှုအတွက် ပြင်ဆင်နေခြင်းပဲလို့ နေတိုးက ရှုတ်ချလိုက်ပါတယ်။

ရုရှအရှေ့ပိုင်းမြို့ ဗလာဒီဗိုစတော့ခ်မှာ အိမ်ရှင်ခံပြီး ကျင်းပပြုလုပ်နေတဲ့ စီးပွားရေးဖိုရမ်တစ်ရပ်ပြီးရင် ခုစစ်ရေးလေ့ကျင့်မှုကြီးဆီိ သမ္မတ ပူတင် တက်ရောက်ဖို့ ရှိနေပါတယ်။

Vostok-2018(East-2018) လို့ အမည်ပေးထားတဲ့ သီတင်းပတ်ကြာမြင့်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကြီးကို ရုရှအရှေ့စွန်ဖျားမှာ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

လေ့ကျင့်မှုမှာ တရုတ်စစ်သား ၃၅၀၀ ပါဝင်ကြောင်းလည်း သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုကြီးရဲ့ အစပိုင်းအခြေအနေအဖြစ် စစ်သုံးယာဉ်တွေ၊ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုထုတ်လွှင့် ပြသခဲ့ပါတယ်။

စီးပွားရေးဖိုရမ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန် တရုတ်နဲ့ ရုရှ ဆက်ဆံရေးတိုးတက်နီးစပ်လာခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်းလည်း ပူတင်က ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးတို့မှာ ယုံကြည်မှုနဲ့ လက်တွဲထားကြပြီ။”လို့ ပူတင်က ပြောသလို ရှီကျင်ဖျင်ကလည်း နှစ်နိုင်ငံဆက်ဆံရေးဟာ မကြုံစဖူး မိတ်ဖက်ရင်းနှီးမှု ရရှိပြီလို့ ပြောခဲ့ပါတယ်။