စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် မီနီအယ်လ်ဘမ်ထွက်ရှိလာတဲ့ တေးသံရှင် ၀န

.

ရန်ကုန်၊စက်တင်ဘာ ၁၂ရက် စစ်ဘေးသင့်ပြည်သူတွေအကြောင်းကို သီဆိုခဲ့တဲ့ တေးသံရှင်ဝနရဲ့ သီချင်းသုံးပုဒ် မီနီအယ်ဘမ် မိတ်ဆက်ပွဲကို စတင်ဘာလ ၁၂ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က Old Skool စားသောက်ဆိုင်မှာပြုလုပ်ခဲ့ပါတယ်။

တေးသံရှင် ၀နဟာ ဖြစ်ပွားနေသော စစ်ပွဲတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမှာ နေထိုင်ခဲ့သူတစ်ယောက်အနေနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် သီဆိုထားတာလည်း ဖြစ်ပါတယ်။

" ကျွန်တော်ကမြစ်ကြီးနားကလေ၊ ကချင်ပြည်နယ်ကဆိုတော့ ကျွန်တော်တို့နိုင်ငံနဲ့တစ်ဝှမ်းမှာ စစ်တွေလည်း ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စစ်ဖြစ်နေတဲ့ ဒေသက လူတစ်ယောက်လည်း ဖြစ်တယ်။ ဒီသီချင်းတွေကို ရေးပေးတဲ့ တေးရေးဆရာကလည်း စစ်ဖြစ်နေတဲ့ဒေသကဆိုတော့ ကိုယ်တွေ့ပေါ့။ ကိုယ်တွေ့ အဲ့အကြောင်းအရာကို သူရေးထားတယ်။ နောက်တစ်ခုက ကျွန်တော်ဒီအခွေကိုစလုပ်မယ်ဆိုကတည်းက ကျွန်တော်ရေးတဲ့ သီချင်းတွေ ထည့်ဖို့အစီစဉ်မရှိဘူး။ ဒါထူးထူးခြားခြားပေါ့နော်။ အရင်တုန်းကတော့ ကျွန်တော် ရေးတဲ့သီချင်းတွေပဲကျွန်တော်ဆိုခဲ့တာပါ။ ဒီအခွေမှာ ကျွန်တော့်သူငယ်ချင်းသီချင်းကို သုံးမယ်ဆိုပြီး စဉ်းစားခဲ့တဲ့ အချိန်မှာ သူဆီကသီချင်းတွေသွားကြည့်တယ်။ အဲ့အထဲမှာ ဒီသီချင်းတွေက သူကျွန်တော့်အတွက် နောက်ဆုံးရေးထားပေးခဲ့တဲ့ သီချင်းဖြစ်တယ်" လို့ တေးသံရှင် ၀နကဆိုပါတယ်။

၎င်းသီချင်းသုံးပုဒ် မီနီအယ်ဘမ်မှာ ပါဝင်တဲ့ သီချင်းတွေကို တေးရေး နိုင်လေးက ရေးသားပေးခဲ့တာဖြစ်ပြီး တေးသံရှင် ၀နရဲ့ နောက်ထပ် တေးစီးရီး အသစ်ဖြစ်တဲ့ တရားသဖြင့်ဆိုတဲ့ တေးစီးရီးအတွက် ကြိုတင်ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။ တရားသဖြင့်ဆိုတဲ့ တေးစီးရီးကို ဒီနှစ်ထဲထွက်ရှိမှာဖြစ်တယ် လို့လည်း သိရသည်။

" သူ တရားသဖြင့် အခွေကို လုပ်နေတယ်။ အဲ့အခွေလေးလည်းထွက်တော့မယ်။ အဲ့အခွေလေးက မိုက်တယ် ပေါ့နော်။ ဒါပေမယ့် ဒီထဲမှာ ဒီလိုသီချင်းတွေပါပါတယ်။ သူဒီလိုသီချင်းမျိုးတွေ လုပ်နေတယ် ဆိုတဲ့ဟာကို သီချင်းသုံးပုဒ်ထဲနဲ့ ပရိတ်သတ်ကိုအမြည်းချကျွေးတယ်။ ကျွန်တော်ထင်ပါတယ်။ အစတုန်းက အပုဒ်ပြည့် လုပ်မယ်ထင်ပါတယ်။ဒါပေမယ့် အခုတော့ သူ ဒီသုံးပုဒ်ကိုပဲ သူသေသေချာချာလေး ပရိသတ်ကို စားသုံးစေချင်လို့ စေတနာအပြည့်နဲ့ သူသီချင်းသုံးပုဒ်ကိုထည့်ပေးတယ်လို့ထင်ပါတယ်။ အဲဒါကြောင့်မို့ သူ မီနီအယ်ဘမ် အရင်ထွက်တယ်ထင်တယ်" လို့တေးသံရှင် သာဒီးလူ ကပြောပါတယ်။

တရားသဖြင့် တေးစီးရီးကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်သုံးနှစ်ကတည်းက လုပ်နေတာဖြစ်ပြီး ကျန်းမာရေးထိခိုက်မှု အခြေအနေကြောင့် တရားသဖြင့်ကနေ မတရားသဖြင့် ကြာခဲ့တာဖြစ်တယ်လို့လည်း တေးသံရှင်ဝနက ပြောခဲ့ပါတယ်။ အဆိုပါမီနီအယ်ဘမ်ကို စက်တင်ဘာလ ၁၀ရက်နေ့ကတည်းက စတင်ဖြန့်ချိ ခဲ့တာလည်းဖြစ်ပါတယ်။