တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုမှ ကျူးလွန်သူ ၈ ဦးကို ဖမ်းဆီးရမိ

.

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။                   ။ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်၊ ညပိုင်းက တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုမှ ကျူးလွန်သူ ၈ ဦးကို ယနေ့ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ကလေးချင်း ပြဿနာဖြစ်ရာမှ  လူကြီးများပါ ပါဝင်လာပြီး ညအချိန်တွင် ဓားဖြင့် ၀င်ခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ၊ ညနေ ၅ နာရီအချိန် ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားသည့် ဆိုင်တွင် ဂိမ်းဆော့ရင်း ဆိုင်ရှေ့တွင် ကလေးတစ်ဦးအား အနီးရှိ ကလေးတစ်ဦးက ကစားစရာသေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန်ပြောဆိုရာမှ မိဘချင်း စကားများရန်ဖြစ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ည ၁၀ နာရီ၁၅ မိနစ်ခန့်တွင် ၀င်းထွဋ်ဝင်းဆိုသူက တစ်ဖက်ကလေးမိဘအိမ်သို့ ဖုန်းဆက်၍  ဓားဖြင့်လာခုတ်မည်ဟု ပြောခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန်စကားများခဲ့ကြောင်း သိရသည်။

ဖုန်းဆက်ခြိမ်းခြောက်ခံရသူ  ဒေါ်----တို့မိသားစုများမှာ တိုက်အောက်သို့ဆင်းလာစဉ် ကား ၃ စီး ရောက်ရှိလာ ပြီး ကားပေါ်မှ လူတစ်စုဆင်းလာကာ လှံ၊ ဓားများဖြင့် ၀င်ခုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြေးဝင်ထိုးခုတ်မှုကြောင့် ဒေါ်---------၏ ခင်ပွန်းဖြစ်သူ ဦး------မှာ ယာလက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့အိမ်မှ အလုပ်သမားဖြစ်သူ ကို----တွင် ၀ဲပခုံးထိုးသွင်းဒဏ်ရာ၊ ၀ဲမျက်ရိုးထိုးသွင်း ဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိဆေးရုံတွင် ဆေးကုသနေရသည်။

အဆိုပါ ဓားဖြင့်ခုတ်ခံရသော မိသားစုမှ သမက်ဖြစ်သူ ကတုံးမ (ခ) ဇော်ဟိန်းသူမှာ ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊ ၀ဲမျက်ခုံးဖူးရောင်ဒဏ်ရာ၊ ၀ဲမျက်လုံးပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ၀ဲနံဘေးထိုးသွင်းဒဏ်ရာ၊ ကျောကုန်းဝဲဘက်ထိုးသွင်းဒဏ်ရာ၊ ယာပေါင်ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့သည်။

ထို့ကြောင့် ဒေါ်---------က အရေးယူပေးရန် တိုင်ကြားသဖြင့် တာမွေမြို့မရဲစခန်း (ပ)၈၈၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

တရားခံဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာတွင် အခင်းဖြစ်နေရာရှိ ပြစ်မှုကျူးလွန်သူများကျန်ရှိခဲ့သော DD/-------- Toyota Succeed အပြာရောင် အငှားယာဉ် ပေါ်မှ ဓားရှည်(၉)ချောင်း၊ ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီးကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့အား အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဆက်လက်၍ ည ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မပေါ်တွင် AA/-------- Toyota Caldina အငှားယာဉ်ပေါ်မှ  ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀) နှစ်အား ရန်ဖြစ်စဉ်တွင် ရရှိသော ၀ဲလက်ဖ၀ါး ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ သံဗုဒ္ဓေ(ခ)၀င်းနိုင်၊ (၄၁)နှစ်၊ သီဟအောင်၊(၃၅)နှစ်၊ ယဉ်မိုး(ခ)မိုးကြီး၊ (၄၁) နှစ်တို့ ၄ ဦးအား စတင် ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၀င်းမြင့်၊ (၄၂)နှစ်မှာ 7J/-------- Toyota Alphard အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီ ၃၀ တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ န၀ရတ်လမ်းပေါ်တွင် ကားရပ်၍ ကားပေါ်မှဆင်းလာပြီး ပြန်လည်ခုခံသဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက် တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၀၅၀ နာရီအချိန်တွင် သိန်းထိုက်အောင်(ခ)အန်းကုန်း၊ (၂၉)နှစ်၊ မင်းအောင်၊ (၄၂) နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင် လည်းကောင်း၊ ယင်းနေ့ နံနက် ၂ နာရီ ခန့်တွင် ၀င်းထွဋ်ဝင်း၊(၄၂)နစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ၀င်းထွဋ်ဝင်းပါ (၈)ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။