အချိန်တိုအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှုများစွာ လုပ်ထားနိုင်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

.

 စက်တင်ဘာ ၁၂ ။      ။  Fourth Industrial Revolution လို့ခေါ်တဲ့ စတုတ္ထစက်မှုခေတ်ပြောင်းတော်လှန်ရေးအတွက် မြန်မာနိုင်ငံမှာ ဆောင်ရွက်ထားနိုင်ခဲ့တဲ့ တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တက်ရောက် ဆွေးနွေးပြောကြားသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပါဝင်တက်ရောက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တတိယမြောက် စက်မှုတော်လှန်ရေးခေတ် ရှောင်လွဲဖြတ်ကျော်သွားခြင်းခံရတဲ့ နိုင်ငံတွေ ထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်း၊ ယခုအခါမှာတော့ စတုတ္ထမြောက် စက်မှုခေတ်ပြောင်း တော်လှန်ရေး ခေတ် စတင်ကူးပြောင်းချိန်မှာတော့ မိမိတို့ နိုင်ငံအနေနဲ့ မဖြစ်မနေ တိုက်ရိုက်ပါဝင်လာနေခဲ့ရပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံလို နောက်ကနေ လိုက်ရတဲ့ နိုင်ငံတွေ လုပ်ဆောင်နေရတဲ့ အခြေအနေမျိုးကို ကျော်လွှား ခုန်တက်ရခြင်း ဆိုတဲ့ အသုံးအနှုန်းနဲ့ သုံးနိုင်ကြောင်း၊ ဒါပေမယ့် ယင်းအသုံးအနှုန်းမျိုးကိုပဲ ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာက အကြီးအကျယ်တိုးတက်ပြောင်းလဲမှုလို့ သုံးနိုင်တယ်လို့ တစ်ချို့က ဆိုကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလို အကြီးအကျယ် တိုးတက်ပြောင်းလဲမှုတွေ ရဖို့က ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း နောက်ကျ ကျန်နေရစ်ခဲ့တဲ့ မြန်မာလိုမျိုး နိုင်ငံတွေအတွက် လိုအပ်ကြောင်း သူက ပြောပါတယ်။

အကြီးအကျယ်တိုးတက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဥပမာအနေနဲ့ ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်က နိုင်ငံမှာ ဆဲလ်ဖုန်းတွေရဲ့ တန်ဖိုးက ဒေါ်လာ ၁,၅၀၀ လောက်ရှိခဲ့ကြောင်း၊ ခုအခါမှာကျတော့ ၁ ဒသမ ၅ ဒေါ်လာမျှသာ ရှိတော့ကြောင်း၊  ဒါ့အပြင် နိုင်ငံမှာ အင်တာနက် အသုံးပြုနိုင်မှုနှုန်းကလည်း  ၁ ရာခိုင်နှုန်းကနေ ၁၀၅ ရာခိုင်နှုန်းထိတောင် ခုန်တက်ခဲ့ကြောင်း၊ ဒါဟာ ငါးနှစ်အတွင်းမှာပဲဖြစ်ခဲ့တဲ့ တိုးတက်မှုတွေဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် အကြီးအကျယ် တိုးတက်ပြောင်းလဲမှုကို မြင်ရတယ်လို့ ပြောရင်ရနိုင်ကြောင်း ဒေါ်အောင်းဆန်းစုကြည်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း ယခင်အချိန်တွေတုန်းက ဘဏ်ယဉ်ကျေးမှုစနစ်မျိုး မရှိခဲ့ကြောင်း၊ ပြည်သူတွေဆိုရင် သူတို့ရဲ့ ပိုက်ဆံတွေကို ဘဏ်တွေမှာထက် မွေ့ရာအောက်မှာထားတာကို ပိုလုံခြုံတယ်လို့ ယုံကြည်ခဲ့ကြကြောင်း၊  ဒါပေမယ့် ခုကနေ စပြီး ခုလို ဖုန်းတွေ၊ နည်းပညာအသစ်တွေထွန်းကားလာတဲ့ခေတ်မှာ ဘဏ်စနစ်ဘက်ကို ပိုမိုကူးပြောင်းလာနေနိုင်လျက်ရှိကြောင်း သူက ဆိုပါတယ်။

 ဒါ့အပြင် ယခုအချိန်မှာ ပြည်သူတွေ သုံးနေတဲ့ ဆဲလ်ဖုန်းတွေ အများစုက ခုဆိုရင် စမတ်ဖုန်းတွေ ဖြစ်နေပြီး  ဒါဟာ  အချိန်တိုအတွင်းမှာ တိုးတက်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ခုဆိုရင် နိုင်ငံမှာ ဘဏ်စနစ်သာမကတော့ဘဲ ကုန်သွယ်မှုဘက်မှာပဲ တိုးတက်လာနေပြီဖြစ်ကြောင်း၊ E-commerce သာမကဘဲ Social Commerce ကိုလည်း အချိန်တိုအတွင်းမှာ အလျင်အမြန် တိုးတက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း သူက ပြောသွားပါတယ်။

ခုဆိုရင် နိုင်ငံမှာ အင်တာနက် လက်ခံအသုံးပြုမှုဟာ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာတဲ့အတွက် မိမိတို့အနေနဲ့ စတုတ္ထ စက်မှုတော်လှန်ရေးမှာ သိပ်အများကြီး နောက်ကျကျန်နေခဲ့တာမျိုး မရှိတော့ဟု ထင်ပါကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် မိမိတို့အနေနဲ့ Protectionism ဆိုတဲ့ ပြည်တွင်းလုပ်ငန်း ကာကွယ်ရေးမူဝါဒအပေါ်လည်း ယုံကြည်မှု မရှိပါကြောင်း၊ ဈေးကွက်ကိုလည်း ကောင်းမွန်အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေအတွက် ဖွင့်လှစ်ပေးထားပါကြောင်း၊  ဒီလိုမျိုး လုပ်ခဲ့တာကြောင့်လည်း နိုင်ငံမှာ ပြည်သူ အများစု အင်တာနက်ကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ဈေးသက်သက်သာသာနဲ့ အသုံးပြုလို့ရခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူတွေအပေါ်မှာ ယုံကြည်မှု ရှိကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်မှုကို မိမိတို့ မကြောက်ရွံ့ပါကြောင်း၊ တကယ်လို့ ယှဉ်ပြိုင်မှုကို ကြောက်နေမယ်ဆိုရင် စတုတ္ထ စက်မှုခေတ်ပြောင်း တော်လှန်ရေးမှာ မိမိတို့ထက် အရင်ရှေ့ရောက်နေတဲ့ နိုင်ငံတွေနောက်လိုက်မှီနိုင်မှာ  မဟုတ်ကြောင်း ပြောသွားခဲ့ပါတယ်။