Amata အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများကို ရောင်းချ၍ စတော့အိတ်ချိန်းတွင် စာရင်းဝင်ဖြစ်ရန် ရည်မှန်း

.

စက်တင်ဘာ ၁၂ ။        ။ Amata အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများကို စတင်ရောင်းချနေပြီး စတော့အိတ်ချိန်းတွင် စာရင်းဝင်အဖြစ် ၂၀၂၀ခုနှစ်တွင်  ရည်မှန်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာ ၂သန်းကို သြဂုတ်လ ၂၀ရက်မှ စက်တင်ဘာ ၂၁ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး အစုရှယ်ယာ ရောင်းချခြင်းမိတ်ဆက်ပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ များတွင်ကျင်းပခဲ့ကာ အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀၀ နှုန်းသတ်မှတ်ထားကြောင်း  Amata အများပိုင် ကုမ္ပဏီမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ အဓိကအားထားရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကုမ္ပဏီကြီးတစ်ခုအဖြစ် အရှိန်အဟုန်မြင့်ကာ ဟို တယ်လုပ်ငန်းအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာ ရောင်းချခြင်း ၊ ဆိုင်များ၊ ရဟတ်ယာဉ်၊ ရေပေါ်ဆင်းသက်လေယာဉ်ပျံခရီးစဉ်နဲ့ ခရီးသွား ဧည့်သည်များကို Sightseeing ကြည့်ရှုခြင်း လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက် နေပါတယ်” ဟု Amata Holding Public Co., Ltd ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကပြောသည်။

Amata Holding Public Co., Ltd သည် မြန်မာနိုင်ငံအတွင်း ဟိုတယ်များ၊ မီးပုံးပျံ ပျံသန်းခြင်းလုပ်ငန်း၊ အခြားခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လျှက်ရှိသော လုပ်ငန်းခွဲများကို ၂၀၁၃ခုနှစ် မှစတင်၍ လုပ်ကိုင်ခဲ့ပြီး၊ အခြားမြို့ကြီးများတွင်လည်း တန်းဖိုးနည်းဟိုတယ်များ (Budget Hotel) ထပ်မံတည်ဆောက် ရင်းနှီးမြှပ်နှံရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ငပလီ၊ ပုဂံ၊ အင်းလေး စသောဒေသများတွင်သာမက အခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အလားအလာ ရှိသော ဒေသများတွင် ဟိုတယ်အမျိုးအစား၊ အမှတ်တံဆိပ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကိုလေ့လာနိုင်ရန်နှင့် အစုရှယ်ယာ ၀ယ်ယူရန်လျှောက်လွှာ ပုံစံများကို ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများ (သို့မဟုတ်) Amata Holding Public Co., Ltd ၏ရုံးခန်းတွင် ထုတ်ယူလျှောက်ထားဝယ်ယူနိုင်ကြောင်း သိရသည်။