မင်္ဂလာဒုံ ဇေကမ္ဘာ၀န်းအတွင်း ဓာတ်လှေကားညှပ်၍ လူသေဆုံးမှုဖြစ်ပွား

.

ဓာတ်ပုံ- ဦးထင်လင်းအောင်

ရန်ကုန်၊ စက်တင်ဘာလ ၁၂ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း၊ ၁ဝလမ်းရှိ ယမ်ယမ်ခေါက်ဆွဲခြောက်စက်ရုံတွင် ဂျုံအိတ်များလာပို့စဉ် ဓာတ်လှေကားညှပ်၍ လူသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္ဈိမသို့ ပြော သည်။

သေဆုံးသူ ဝန်ထမ်းမှာ အသက် ၄၃ နှစ်အရွယ်ရှိသည့် ဦးဇော်ဝင်းဆိုသူဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ ထွန်းမေတ္တာဂျုံစက်ရုံမှ ဝန်ထမ်းဖြစ်ကြောင်းသိရသည်။

“ သူက ကားပေါ်ကနေ ဂျုံအိတ်တွေချတယ်။ ချပြီးတော့ အဲ့ဒီဓာတ်လှေကားပေါ့။ လုပ်ငန်းသုံး ဓာတ်လှေကားပေါ့။ အဲ့ဒီကနေ ဂျုံအိတ်တွေကို အပေါ်ထပ်ကိုတင်တာပေါ့။ အပေါ်ထပ် ပေ ၄ဝ၊ ၅ဝ အမြင့်လောက်တော့ရှိတယ်။ အဲ့ဒီကို မြေပြင်ကနေသယ်တာပေါ့။ အဲ့ဒီချိန်မှာ ဓာတ်လှေကားကိုဆွဲတဲ့ စက်သီးညှပ်လို့ သူတက် လုပ်တယ်လို့ ပြောတယ်။ အဲ့ဒီကနေပြီးတော့မှ ခြေချော်ပြီးတော့ ပြုတ်ကျတယ်။ ပြုတ်ကျတော့ ဘေးဘောင်နဲ့ ရိုက်တယ်။ ရိုက်ပြီးတော့မှ အောက်မှထပ်ကျတယ်”ဟု ဦးထင်လင်းအောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓာတ်လှေကားပေါ်မှ ပြုတ်ကျခဲ့သော ဦးဇော်ဝင်းမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားနေရာသို့ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီပေးခဲ့ပြီး လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ရဲဆေးစာနှင့်အတူ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။