အာဖဂန်နစ္စတန်မှာ ဆန္ဒပြပွဲကို အသေခံဗုံးခွဲ၍ လူ ၃၂ ဦး သေဆုံး

.

ကဘူးလ်၊ စက်တင်ဘာ ၁၂ ။         ။ အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ စက်တင်ဘာ ၁၁ ရက်က ဆန္ဒပြပွဲတစ်ခုကို အသေဆုံးဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ရာမှာ လူ ၃၂ ဦး သေဆုံးရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ပွဲဒဏ်သင့် နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်မားလာနေတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အရေးကို ထိုးနှက်နေတော့တာပဲ ဖြစ်ပါတယ်။

နန်ဂါဟာပြည်နယ်မှာ ဖြစ်ပွားတဲ့ အားပြင်းထန်တဲ့ ဒီအသေခံဗုံးခွဲမှုမှာ ဒဏ်ရာရသူ ၁၂၈ ဦး ရှိခဲ့ပြီး ဆေးရုံတွေဆီ ခွဲပို့ပေးရကာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အသည်းအသန် ကုသမှုတွေ ပေးနေရပါတယ်။

ပြည်နယ်ရဲ့ မြို့တော် ဂျာလာလာဘတ်နဲ့ အဓိက ပါကစ္စတန်နယ်စပ် ဖြတ်သန်းမျဉ်းတို့ကြား ပိတ်ဆို့ထားမှုကို ဆန္ဒပြကြခြင်းဖြစ်ပြီး ဆန္ဒပြသူတွေမှာ ပါဝင်ခဲ့တဲ့ ဂူမာဂျစ်က အကြီးစားဗုံးဖောက်ခွဲသံကြီးကို ကြားလိုက်ရကြောင်း ပြောပါတယ်။

“ဒီနောက်တော့ ကျွန်တော် ပတ်လည်မှာ သွေးတွေ၊ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို မြင်တွေ့တော့တာပဲ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။

အခု တိုက်ခိုက်မှုဟာ ပြည်နယ်ရဲ့ မြို့တော် ဂျာလာလာဘတ်က မိန်းကလေးစာသင်ကျောင်းတစ်ကျောင်းရှေ့ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲလို့ ယောက်ကျားလေးငယ်တစ်ဦး သေဆုံးပြီး လူ လေးဦး ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဖြစ်ပွားလာတဲ့ နောက်ဆုံးတိုက်ခိုက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။