ဆွာရေကြီးမှုအပြီး ရန်ကုန်-မန္တလေးတိုက်ရိုက်မပြေးဆွဲနိုင်၍ မီးရထားဝင်ငွေ ကျဆင်း

.

ဓာတ်ပုံ - AFP

စက်တင်ဘာ ၁၁ ။        ။ ဆွာရေကြီးမှုအပြီး  ရန်ကုန်-မန္တလေးရထား တိုက်ရိုက်မပြေးဆွဲနိုင်ခြင်းကြောင့် လက်မှတ်ရောင်းရငွေ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။

“၀င်ငွေကတော့ ထိခိုက်တာပေါ့။ တိုက်ရိုက်သွားသလိုမျိုးတော့ ခရီးသည်တွေက မစီးကြတော့ဘူးပေါ့။ ကားက တော့ တိုက်ရိုက်သွားတဲ့အတွက် ကားဘက်လူနည်းနည်းများနေတဲ့အနေအထား ရှိနေပါတယ်။ ရေတာရှည်နဲ့ ဆွာကို ကားတစ်ဆင့်ပြန်စီးနေတဲ့အတွက် ခရီးသည်လျော့နည်းရခြင်း ဖြစ်ပါတယ်” ဟု ဦးသောင်းထိုက် ကပြော သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်က ဆွာတမံကျိုးပေါက်မှုက ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအချို့ နှင့် ဆွာချောင်း တံတားပျက်စီးခဲ့သောကြောင့် ရေတာရှည်တွင် ကားတဆင့်ပြောင်းစီးပြီးမှ ရထားဖြင့် ခရီးဆက်ရ၍ လမ်းခရီး နှောင့်နှေးနေခြင်း ဖြစ်သည်။

“အရင်က ရန်ကုန်ဘူတာတစ်ခုတည်းက လက်မှတ်ရောင်းရငွေက တစ်နေ့ကို ကျပ် သိန်း၁၂၀ ကနေ ၁၃၀ ကြား ရှိတယ်။ လက်ရှိကာလက သိန်း ၆၀ ၀န်းကျင်လောက်ပဲ ရှိတယ် ” ဟု ဦးသောင်းထိုက်က ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေးရထားကို ရန်ကုန်မှ နံနက် ၆နာရီတွင် အမှတ် ၁၁ အဆန်ရထား ၊ ည ၁၀ နာရီတွင် အမှတ် ၃ အဆန်ရထားများဖြင့် ပြေးဆွဲပေးနေသော်လည်း  ရေတာရှည်အရောက်တွင် ဆွာသို့ ကားတဆင့် ပြောင်းစီးပြီးမှ  ဆွာမှတစ်ဆင့် မန္တလေးသို့ ရထားဖြင့် ဆက်လက်ထွက်ခွာရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရထားလမ်းပိုင်းပြင်ဆင်မှုအချို့ပြီးစီးနေသော်လည်း ဆွာချောင်းတံတားကို ပြင်ဆင်နေဆဲ ဖြစ်ကာ ရန်ကုန်-မန္တလေးရထား တိုက်ရိုက်ပြန်လည်ပြေးဆွဲမှုကို မခန့်မှန်းနိုင်သေးကြောင်း သိရသည်။