ကွမ်းခြံကုန်းမြို့နယ်တွင် ဒီရေတောပျိုးဥယျာဉ် တည်ဆောက်

.

ရန်ကုန်၊ စက်တင်ဘာ ၁၁ ။            ။ သဘာဝဘေးအန္တရာယ်ကာကွယ်ပေးနိုင်ရန်အတွက် ဒီရေတောပျိုးဥယျာဉ်တစ်ခုကို ရန်ကုန်ုတိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့၌ တည်ဆောက်ခဲ့ကြောင်း သိရသည်။

၎င်းပျိုးဥယျာဉ်မှာ Worldview International Foundation (WIF)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် WeForest သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်နေသည့် ဒီရေတောထိန်းသိမ်းရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၁၉-၂၀၂၃ ခုနှစ်အထိ စီမံကိန်းကာလ ၅နှစ်ကြာသတ်မှတ်ထားသည်။

ဒီရေတောများသည် ပင်လယ်မှလာမည့် သဘာဝဘေးအန္တရာယ်များ ဟန့်တားရာတွင် သဘာဝအစိမ်းရောင် တံတိုင်းအနေဖြင့်လည်းကောင်း၊ ငါး၊ ပုဇွန်များကျက်စားရှင်သန်ရာ ဂေဟစနစ်အဖြစ်လည်းကောင်း၊ ဒေသခံ ပြည်သူများအတွက် ဒီရေတောထွက်ပစ္စည်းများဖြည့်ဆည်းပေးရာ အရင်းအမြစ်အနေဖြင့်လည်းကောင်း၊ အနာဂတ်သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦအဖြစ်လည်းကောင်း တည်ရှိနေနိုင်မည်ဖြစ်သည်ဟု WIF အဖွဲ့မှဆိုထားသည်။

"ကျွန်တော်တို့က ဒီရေတောအပင်သုံးသိန်းပေါ့။ ပျိုးပင်ကသုံးသိန်း၊ Bare root စနစ်နဲ့စိုက်မယ့် ဒီရေတောက နောက်ထပ်တစ်သိန်းခွဲရှိသေးတယ်။ အားလုံးပေါင်းကျွန်တော်တို့က လေးသိန်းခွဲ။ ဒါပေမယ့် အဲဒီလေးသိန်းခွဲက ပျိုးပင်အနေနဲ့စိုက်မှာပါ။ နောက်ထပ်သီးခြားခုနှစ်သိန်းလျာထားပြီးသား လာမယ့်ရာသီမှာ ကျွန်တော်တို့က ဒီမှာအပင်ဆယ်သိန်းစိုက်မှာပါ။ ဒါကြောင့်မို့ဒီမှာ ဒီရေတောပျိုးဥယျာဉ် စတည်တာပေါ့ ဒါကလည်း ရည်ရွယ်ချက် က သစ်တောဦးစီးဌာနနဲ့လည်းပေါင်းမယ်။ သစ်တောဦးစီးဌာနကလည်းပျိုးဥယျာဉ်လေးတွေလုပ်နေတော့ သူတို့နဲ့ပူးပေါင်းပြီးလုပ်လိုက်ရင် တစ်ပါတည်းပြီးတဲ့အတွက် ကျွန်တော်တို့ကပေါင်းပြီးတော့ ဒီရေတော ပျိုးဥယျာဉ်လေးကိုတည်ထောင်ဖြစ်တာပါ"ဟု Worldview International Foundation(WIF) ၏ စီမံကိန်း မန်နေဂျာ ဦးဝင်းမောင် က ပြောသည်။

ဒီရေတောထိန်းသိမ်းရေးစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ပိုင်းခရိုင်အတွင်းမှ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ခရမ်းမြို့နယ် တို့ရှိ ဒီရေတောပေါက်ရောက်နိုင်သည့်ဒေသများတွင် ဒီရေတောများ ထိန်းသိမ်း၊ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများ မှာ ဟတ်တာ ၂၅၀၀၀ ကျော်ခန့်ရှိကြောင်း ကောင်းကင်ဂြိုလ်တုဓာတ်ပုံများပေါ်အခြေခံတွက်ချက်မှုအရ WIF အဖွဲ့မှ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်၌ ဒီရေတောဧရိယာ ၄၆၂၇ ဧက ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၃၉၆၃ ဧက အထိ ကျဆင်းသွားခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း၌ သစ်တောများမှရရှိသည့် ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံရှိနေပြီး ၄င်းတို့ထဲမှ ဒီရေတောမှ အမေရိကန်ဒေါ်လာ ၇၀၇ သန်းရရှိနေခြင်းဖြစ်သည်။

"ဒီရေတောက ကျွန်တော်တို့ဒေသတစ်ခုလုံးရဲ့ တစ်အချက် သဘာဝဘေးအန္တရာယ်ကိုကာကွယ်နိုင်မယ်။ နောက်တစ်ချက်က ကာဗွန်ကိုကျွန်တော်တို့ထိန်းနိုင်မယ်ပေါ့နော်။ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ တအား ထွက်တယ်။ ဒေသတွေကတကယ့်ကို အောက်ဆီဂျင်တွေနည်းတယ်။ လေဖိအားနည်းရပ်ဝန်းတွေဖြစ်တယ်။ မုန်တိုင်းတွေဖြစ်တယ်။ ဒီလိုအခြေအနေမျိုးတွေကိုမဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ဒီနေရာမှာရှိတဲ့ ဒါက ကာဗွန်ခရက်တစ် တောင်ရနေပြီ။ ကာဗွန်ခရက်တစ်ဆိုတာက ကာဗွန်ကို ဆုပ်ယူနိုင်တဲ့ အပင်တွေကို စိုက်ခြင်းအားဖြင့် နိုင်ငံတကာကနေပြီးတော့ကျွန်တော်တို့ကိုပံ့ပိုးနိုင်မယ်ပေါ့နော်။ ပံ့ပိုးခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ပေးနိုင်မယ်ပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဒေသခံများကိုပြောသည်။

Worldview International Foundation (WIF) အဖွဲ့သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဧရာဝတီ တိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ်အတွင်း ဒီရေတောဧက ၁၈၀၀ ကို အောင်မြင်စွာ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံကာ ဒရုန်းဖြင့် ဒီရေတောများစိုက်ပျိုးနိုင်ကြောင်း WIF အဖွဲ့မှ ရှင်းလင်းပြသခဲ့သည်။ ထိုစဉ်က ဒီရေတောဧက တစ်သောင်းကျော်ကိုသစ်တောကြိုးဝိုင်းအဖြစ်စိုက်ပျိုးရန်နှင့် မြေပုံများကို စီစဉ် နေကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီး ယခုအခါတွင်လည်း ဂျပန်နိုင်ငံမှ အဖွဲ့အစည်းနှင့် ပူးပေါင်းကာ မြေပုံတစ်ခုရေးဆွဲနေကြောင်း ပြောဆိုခဲ့သည်။