အိန္ဒိယမှာ ဟိန္ဒိုဘုရားဖူးခရီးသည်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကား တောင်ကြားထဲ ထိုးကျရာမှ လူ ၅၀ သေဆုံး

.

နယူးဒေလီ၊ စက်တင်ဘာ ၁၁ ။          ။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ဟိန္ဒူခရီးသည်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျရာက လူ ၅၀ သေဆုံးပါတယ်။

ခု မတော်တဆမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံရဲ့ နာမည်ဆိုးထွက်နေတဲ့ လမ်းအန္တရာယ်တွေ ဖြစ်ပွားမှုမှာ အသေအဆုံး အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

လမ်းအန္တရာယ်တွေကြောင့် အိန္ဒိယမှာ သေဆုံးသူ နှစ်စဉ် တစ်သိန်းခွဲကျော် ရှိကြောင်း သိရပါတယ်။ အများဆုံး လမ်းမတော်တဆမှု အန္တရာယ်ဟာ ညံ့ဖျင်းဆိုးဝါးတဲ့ ကားလမ်းတွေရယ်၊ ယာဉ်စစ်ဆေးထိန်းသိမ်းမှု ဆိုးဝါးတာရယ်၊ အဆင်အခြင်မဲ့ မောင်းနှင်ကြတာတွေရယ်ကြောင့် အဖြစ်များတာပါ။

အခု ဘတ်စ်ကားဟာဆိုရင် ခရီးသည် ၈၀ ကို တင်ဆောင်ပြီး တောင်ပိုင်းပြည်နယ် တီလန်ဂါနာ တောင်တန်းအရပ်မှာ ရှိတဲ့ အထင်ကရ ကွန်ဒါဂတ်တူအန်ဂျာနီယာဆွာမိ ဘုရားကျောင်းကနေ ပြန်လာရာလမ်းမှာ တောင်ကြားထဲ ထိုးကျတာပဲ ဖြစ်ပါတယ်။

မှန်ကွဲစတွေ၊ ပြန့်ကျဲနေတဲ့ ဖိနပ်တွေ၊ ၀န်စည်စလည်တွေကြားမှာ အသက်မဲ့ ရုပ်အလောင်းတေတတွကို မြင်တွေ့နေရပါတယ်။ ဖြစ်ပွားရာ အရပ်က ဒေသခံတွေဟာ ကားအပျက်အစီးတွေကြား အသက်ရှင်သူတွေကို ဆွဲထုတ်ပြီး ကယ်ဆယ်ကြပါတယ်။

တောင်ကြားချိုင့်ဝှမ်းကနေ တောင်ပေါ်ကို သယ်လာပြီး ဆေးဝါးကုသပြုစုပေးကြပါတယ်။

“သေဆုံးသူ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေပါ။ ကလေးသုံးဦးလည်း သေဆုံးခဲ့ပါတယ်။”လို့ ဒေသတာဝန်ရှိသူ နာရန်ဒဟာက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

ယာဉ်မောင်းဟာ အရှိန်မြှင့်မောင်းနှင်ပြီး မထိန်းချုပ်နိုင်ရာက တောင်ကြားချိုင့်ဝှမ်းထဲ ထိုးကျသွားတာဖြစ်ကြောင်း မျက်မြင်တစ်ချို့ကို ကိုးကားပြီး NDTV က သတင်းဖော်ပြခဲ့ပါတယ်။