ကလေးသူခိုးဟု အထင်မှားပြီး ရိုက်နှက်မီးရှို့ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ထုတ်ပြန်

.

ရန်ကုန်၊ စက်တင်ဘာလ ၁၁ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကလေးသူခိုးဟုဆိုကာ ရိုက်နှက်၍ လက်လွန်ခဲ့ရာမှ မီးရှို့အလောင်းဖျောက်ခဲ့မှုမှာ အထင်မှား၍  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကျူးလွန်သူများကို စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာလ ၁ဝ ရက်၊ ည ၇ နာရီခန့်က မင်းတည်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မသဲစုလင်းက ကျေးရွာအလယ်ပိုင်းရှိဈေးဆိုင်မှ ဈေးဝယ်ပြန်လာစဉ် ရွာလယ်လမ်းတွင် အမျိုးသားတစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မသင်္ကာတွေ့ရှိသဖြင့် မသဲစုလင်းက နေအိမ်သို့ရောက်ရှိချိန်တွင် မိခင်ဖြစ်သူအား ပြောပြခဲ့ရာ မိခင်ဖြစ် သူက အထင်လွဲမှားပြီး နေအိမ်ရှေ့ထွက်ကာ "သမီးကို လူဖမ်းတယ်"ဟု အော်ဟစ်အကူအညီတောင်းခံသဖြင့် ကျေးရွာအတွင်း နေထိုင်သူများ ထွက်လာပြီး အဆိုပါအမျိုးသားအား ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရိုက်နှက်ခံခဲ့ရသည့် အမျိုးသားမှာ သတိလစ်နေစဉ် သေပြီဟု အထင်မှားပြီး ရွာပြင်ရှိ သင်္ချိုင်းအနီးသို့ သယ် ဆောင်မီးရှို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုသို့ အထင်မှား ဝိုင်းရိုက်ပြီး မီးရှို့ခဲ့သူများကို စိစစ်နေပြီး ချောင်းဦးမြို့မရဲစခန်းတွင် (ပ)၂၁၅/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၂ဝ၁/ ၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်းသိရသည်။

မင်းတည်ကျေးရွာတွင် အိမ်ခြေ ၂၂ဝ၊ လူဦးရေ ၁ဝဝဝ ကျော်နေထိုင်သည့်အတွက် ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်နိုင်ရေးအတွက် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းကိုယ်တိုင် ကြပ်မတ်ကွပ်ကဲလျက် ရှိကြောင်းသိရသည်။