သပိတ်ကျင်းမြို့နယ်တွင် တရားမ၀င် ကျောက်စိမ်းတုံးများ ဖမ်းမိ

.

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာလ ၁၁ ။        ။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းလမ်းဆုံတွင် ပိဿာချိန် ၂၄ဝ ကျော်ရှိ ကျောက်စိမ်း တုံးများအား တရားမဝင်သယ်ဆောင်လာသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အသက် ၃၄ နှစ်အရွယ်ရှိသည့် ကျော်ကျော်နိုင်သည် အေဒီဘင် အမျိုးအစားယာဉ်ဖြင့် ကျောက်စိမ်းတုံးများအားသယ်ဆောင်လာခြင်းဖြစ်ပြီး  တကောင်းနယ်မြေရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၁ဝ ရက်၊ ည ၉ နာရီ၊ ၅ဝ မိနစ်ခန့်တွင် သက်သေများနှင့်အတူရပ်တန့် စစ်ဆေးဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးရာ ယာဉ်နောက်ဖုံးအတွင်းမှ ကျောက်စိမ်းတုံး ၂၄ ပိဿာပါ ၁ အိတ်၊ ၂၅ ပိဿာပါ ၁ အိတ်၊ ၂၆ ပိဿာပါ ၄ အိတ်၊ ၂၇ ပိဿာပါ ၁ အိတ်၊ ၂၈ ပိဿာပါ ၃ အိတ်၊ စုစုပေါင်း ကျောက်စိမ်းတုံး ပိဿာချိန် ၂၄၆ ပိဿာတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်မှာ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ကျောက်စိမ်းများနှင့်အတူဖမ်းဆီးရမိခဲ့သူအား  တကောင်းနယ်မြေရဲစခန်းတွင် (ပ)၆ဝ/ ၂ဝ၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ- ၄၂(က) ဖြင့် အရေးယူထားကြောင်းသိရသည်။