နေပြည်တော်တွင် လူ ၄ဝ ကျော် ပိုးသတ်ဆေးအဆိပ်သင့်မှုဖြစ်ပွား

.

ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန်၊ စက်တင်ဘာလ ၁၁ ။         ။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဧက ၅ဝဝ ညောင်ပင်စုစိုက်ကွင်းတွင် စပါးခင်းများအား ပိုးသတ်ဆေးဖြန်းရာမှ လူ ၄ဝ ကျော် အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အဆိပ်သင့်မှုဖြစ်ပွားခဲ့သော အလုပ်သမား ၄ဝ ကျော်မှာ  ပျဉ်းမနားမြို့ခုတင် ၂ဝဝ ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိရာမှ အသက် ၁၈ နှစ်အရွယ် ညီညီထွန်းဆိုသူအပါအဝင် ၃ ဦးမှာ သက်သာသဖြင့် ဆေးရုံမှဆင်း သွားပြီဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ဝ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန်တွင် နေ့စားအလုပ်သမား ၇ဝ ဦးထဲမှ ၄၃ ဦးမှာ ပေါင်းသတ်ဆေးနှင့် ပိုးသတ်ဆေးတို့အား သဲဖြင့် ရောစပ်ပြီး စပါးခင်းများကို ကြဲပက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့် အလုပ် ခေတ္တနားနေစဉ် ပိုးသတ်ဆေးကြဲပက်သူထဲမှာ ၂ ဦးမှာ မူးဝေကာ စတင်အဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကျန်ရှိသည့် ပိုးသတ်ဆေးကြဲပက်သူများလည်း ဆက်ပြီး အလုပ်လုပ်ကိုင်နေစဉ် အားလုံး မူးဝေ၊ အော့အန်ကာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်း တွင် သတင်းထုတ်ပြန်ထားသည်။