ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု ကော်မရှင်ထံ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု ကော်မရှင်ထံ တိုင်ကြား
ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်ထံတိုင်ကြားသူ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးကျော်ဝင်း(ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)

နေပြည်တော်၊ စက်တင်ဘာ ၇ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုအပေါ် နေပြည်တော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် တသီးပုဂ္ဂလ အမတ်လောင်းတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စက်တင်ဘာ ၇ ရက်စွဲဖြင့် တိုင်ကြားလိုက်သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံလိပ်မူပြီး နေပြည်တော် ဒက္ခိဏသီရိခရိုင် အမျိုးသားလွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်မည့် လယ်ဆည် ညွှန်ချုပ်အငြိမ်းစားဖြစ်သူ ဦးကျော်ဝင်းက တိုင်ကြားခဲ့ခြင်းဖြစ် သည်။

ဦးကျော်ဝင်း၏ တိုင်စာတွင် “အင်အားကြီးပါတီဖြစ်သည့် NLDပါတီဥက္ကဋ္ဌမှ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းအား တိုင်ကြားခြင်း” ဟု ခေါင်းစဉ်တပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီဝင်(၃၀၀)ဦးတို့သည် ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေခဲအင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့၏ ခွင့်ပြုချက်မရှိဘဲ မဲဆွယ်စည်းရုံးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဩဂုတ် ၂၉ကလည်း လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလူမှုကွန်ယက်၏ မော်တော်ယာဉ်တွင် “ပြောင်းလဲချိန်တန်ပြီ၊ အမှန်တစ်ကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ရေးသားထားသည့် ပိုစတာချိတ်ဆွဲပြီး NLDပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါဝင်သော လက်ကမ်းကြော်ငြာများကို နေပြည်တော် သပြေကုန်းဈေးတွင် ပြည်သူများထံ ဖြန့်ဝေကာ မဲဆွယ်ခဲ့ကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

အဆိုပါ တိုင်ကြားစာအပေါ် NLD၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီ(နေပြည်တော်)မှာ ပြိုင်မှာမှ မဟုတ်ဘဲ၊ ဘယ်လိုလုပ် မဲဆွယ်တယ်လို့ ခေါ်မလဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားသူ ဦးကျော်ဝင်းအား မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်အား တိုင်ကြားသူ ဦးကျော်ဝင်းအပါအဝင် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်တို့ကိုလည်း စက်တင်ဘာ ၇ရက်တွင်ပင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှ ဝင်ပြိုင်မည့် NLDအမတ်လောင်း ဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်က တိုင်ကြားထားသေးသည်။

“ပစ္စည်းပေးပြီး လာဘ်ပေးတဲ့သဘောနဲ့ မဲဆွယ်ခဲ့လို့ အဲ့ဒါကြောင့် ဥပဒေနဲ့မညီလို့ တိုင်တာပါ” ဟု ဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက မဇ္ဈိမကို ပြောသည်။

NLD၏ တိုင်ကြားစာတွင် "ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမျှတမှုမရှိသောကြောင့် စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားခြင်း" ဟု ခေါင်းစဉ်တပ်ကာ ဦးမြင့်လှိုင်အား မဲပေးရန် ရေးသားထားသော ထီး၊ ယပ်တောင်များ ပေးဝေသည့် ဓာတ်ပုံမှတ်တမ်းများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထီး၊ ယပ်တောင်များကို စက်တင်ဘာ ၄ရက်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ ရွာသစ်ကျေးရွာ စာသင်ကျောင်း ဦးကျော်ဝင်းက ပေးဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကျောင်းသားမိဘများက မဇ္ဈိမကို ပြောဆိုထားသည်။

ကျောင်းသားမိဘများကို ဦးကျော်ဝင်း ပေးဝေခဲ့သည့် အစိမ်းရောင်ထီးတွင်“ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံမဲပေးကြပါစို့” ဟူ၍ ရေးသားထားသည်။

ထို့ပြင် ဒက္ခိဏသီရိမြို့နယ်၊ မန်ကျည်းကုန်းရွာ စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများကိုလည်း ကျောင်းဝတ်စုံများအပါအဝင် ဆရာမတစ်ဦးလျှင် ဆီတစ်ပိဿနှင့် ဆန် ၁၂ပြည်အား စက်တင်ဘာ ၄ရက် မွန်းလွဲပိုင်းတွင် ဦးကျော်ဝင်းက သွားရောက်ပေးခဲ့သေးသည်။

လာမည့် ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ(၈)မြို့နယ်အတွင်းရှိ မဲဆန္ဒနယ် ၁၀ခုတွင် အမတ်လောင်း ၄၃ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly